Thursday, August 9, 2012

ဆင်းရဲရင် သေတတ်လား


ဆင်းရဲရင် သေတတ်လားလို့ မူလတန်းတက်နေတဲ့ ကျွန်တော့်တူလေးတစ်ယောက်က မကြာသေးခင်က မေးဖူးပါတယ်။ ကလေးလည်းဖြစ်၊ ရှည်ရှည်ဝေးဝေး ရှင်းပြရင်လည်း နားမလည်နိုင်သေးတာကြောင့် “သိပ်ဆင်းရဲပြီး စားစရာ မရှိရင်တော့ ငတ်ပြီး သေချင်သေတတ်တာပေါ့” လို့ ခပ်တိုတိုဖြေခဲ့ပေမယ့် အဲဒီမေးခွန်းက ကျွန်တော့် အချိန်တော်တော်များများကို တိုက်စားလုယူသွားခဲ့ပါတယ်။ ဆင်းရဲရင် တကယ်ပဲ သေတတ်လား...
ဆင်းရဲတယ်လို့ ပြောလိုက်ရင် ပိုက်ဆံမရှိတာကို ပြောတာလို့ ယေဘုယျမြင်ကြပေမယ့် ကမ္ဘာမှာ ပိုက်ဆံအပြင် နည်းအမျိုးမျိုးနဲ့ ဆင်းရဲနေကြတာတွေလည်း အများအပြားရှိနေပါတယ်။ ဥပမာ ပြောရရင် ပညာဆင်းရဲခြင်း၊ အသိပညာဗဟုသုတဆင်းရဲခြင်း၊ နည်းပညာဆင်းရဲခြင်း၊ ဒီထက်မှ အသေးစိတ်ရင် အခွင့်အရေးဆင်းရဲခြင်း၊ စိတ်ဖွံ့ဖြိုးမှုဆင်းရဲခြင်း စသည်ဖြင့်အများကြီး ရှိကြပါတယ်။  အဲဒီဆင်းရဲခြင်းတွေကြောင့် သေကြရတာဟာ ပိုက်ဆံမရှိတဲ့ ဆင်းရဲခြင်းကြောင့် သေကြရတာထက် အရေအတွက် ပိုများတာကိုလည်း တွေ့ရပါတယ်။
ပိုက်ဆံမရှိလို့ ဆင်းရဲကြတဲ့အခါ ပြည်သူအချင်းချင်းကဖြစ်စေ၊ အစိုးရကဖြစ်စေ၊ နိုင်ငံတကာကဖြစ်စေ တတ်နိုင်သလောက် ထောက်ပံ့ကြရင် အထိုက်အလျောက်တော့ ပြေလည်သွားကြပါတယ်။ ဒါပေမယ့် တိုင်းပြည်ဒေသတစ်ခုက ပညာဆင်းရဲကြပြီဆိုရင်တော့ တစ်လ၊ တစ်နှစ်နဲ့ ပြန်အဖတ်မဆယ်နိုင်တော့ပါဘူး။ ပညာဆင်းရဲတယ်ဆိုတာ စာသင်ခန်းအမျိုးမျိုးမှာ သင်နေတဲ့ ပညာတွေဟာ ခေတ်နဲ့ရင်ဘောင် မတန်းနိုင်တော့တာ၊ ဒါမှမဟုတ် ခေတ်မီပညာရပ်တွေကိုပဲ သင်ကြာပေးပေမယ့် အရည်အချင်း ပြည့်မီတဲ့ ပညာတတ်တွေ မွေးထုတ်မပေးနိုင်ရင်လည်း ပညာဆင်းရဲခြင်းကို ဖြစ်ပေါ်စေပါတယ်။ ပညာဆင်းရဲတဲ့အခါ ပညာနဲ့သက်သာစွာ အသက်မမွေးနိုင်ဘဲ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရပါတယ်။ ပင်လယ်ရပ်ခြားမှာ မျက်နှာငယ်စွာလည်း နေကြရပါတယ်။ ဒီထက်ဆိုးရင် ခန္ဓာကိုယ်နဲ့ရင်း အသက်မွေးရတာ၊ သမာအာဇီဝနဲ့ အသက်မမွေးနိုင်တော့တာတွေ ဆက်ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ ချက်ချင်း မဟုတ်ပေမယ့် အသက်အန္တရာယ်ကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး ထိခိုက်တတ်လို့ သေတတ်တဲ့ ဆင်းရဲခြင်းတစ်မျိုးပါပဲ။
အသိပညာဗဟုသုတဆင်းရဲခြင်းကြောင့်လည်း လူတွေ သေကြေကြရပါတယ်။ ဥပမာ အနေနဲ့ပြောရရင် HIV/AIDS ရောဂါ အခုလောက် ခေါင်းထောင်ကူးစက်နေတာ၊ နိုင်ငံအချို့မှာ ထိမ်းလို့မရနိုင်လောက်အောင် ပြန့်ပွားနေတာတွေဟာ ကျန်းမာရေးအသိ ဆင်းရဲခေါင်းပါးကြလို့ဖြစ်ပါတယ်။ ဒါမျိုးလုပ်ရင် ဒီလိုရောဂါရမယ်၊ ဒါမှမဟုတ် အကာအကွယ်သုံးရမယ်ဆိုတဲ့ အခြေခံအသိလေးတောင် မရှိတဲ့ ဒေသတွေ ကမ္ဘာမှာ အများကြီးပါ။ ဒီလိုပဲ မြွေကိုက်ရင်ဘာလုပ်ရမယ်၊ သံစူးရင်ဘာလုပ်ရမယ်၊ အရေးပေါ်ထွက်ပေါက်က ဘယ်မှာ စတဲ့ အခြေခံ ဗဟုသုတတွေကို ကလေးတွေကအစ သိရှိနားလည်ထားကြမှသာ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတာတွေကို ကာကွယ်နိုင်ကြမှာပါ။
နည်းပညာဆင်းရဲမှုကတော့ လက်ရှိကမ္ဘာမှာ တတိယကမ္ဘာ့နိုင်ငံအများစု ကြုံတွေ့နေရတဲ့ ဆင်းရဲမှုကြီးဖြစ်ပါတယ်။ တိုင်းပြည်ဆင်းရဲတော့ တိုးတက်နေတဲ့ နည်းပညာနောက်ကို အလျင်မီအောင် မလိုက်နိုင်၊ မလိုက်နိုင်တော့ လိုက်နိုင်တဲ့ နိုင်ငံတွေထံက ကုန်ပစ္စည်းတွေ (ဥပမာ - လျှပ်စစ်ပစ္စည်းတွေ)၊ ဝန်ဆောင်မှုတွေ (ဥပမာ - ပြည်ပထွက်ဆေးကုသရခြင်းတွေ) ကို ဈေးကြီးပေး ဝယ်ယူရ၊ ဈေးကြီးပေးဝယ်ရလို့ တိုင်းပြည်ကဆင်းရဲနဲ့ သံသရာလည်နေတတ်ပါတယ်။ နည်းပညာလို့ဆိုလိုက်ရင် ကွန်ပျူတာသုံးနည်းပညာတွေ၊ ပစ္စည်းထုတ်လုပ်တတ်တဲ့ နောက်ဆုံးပေါ် စက်ကြီးတွေကိုပဲ မြင်ယောင်တတ်ကြပါတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာနည်းပညာတွေလိုပဲ ဆင်းရဲလို့မဖြစ်တဲ့ နည်းပညာတစ်ခုကတော့ Management လို့ခေါ်တဲ့ စီမံခန့်ခွဲမှုနည်းပညာ ဖြစ်ပါတယ်။ ခုခေတ်မှာ အရင်က မသိကြသေးတဲ့ Management အသစ်တွေ မကြာခဏဆိုသလို ပေါ်ထွက်နေပါတယ်။ Risk Management, Project Management, Crisis Management စသည်ဖြင့် မကုန်နိုင်အောင်ပါပဲ။ ရုပ်ပိုင်းဆိုင်ရာနည်းပညာတွေနဲ့ အထက်မှာပြောခဲ့တဲ့ Management တွေ အားနည်းလို့ လူတွေသေကြရတဲ့ ဥပမာကိုပြရရင် မြန်မာနိုင်ငံမှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းနဲ့ ဂျပန်မှာ မကြာသေးခင်ကမှ ဖြစ်ပျက်သွားတဲ့ ဆူနာမီဘေးဆိုးကြီး နှစ်ခုကို ယှဉ်ထိုးကြည့်စေချင်ပါတယ်။ ဂျပန်ဟာ ပြည့်စုံတဲ့ ကယ်ဆယ်ရေးစနစ်တွေ၊ လူသားအရင်းအမြစ်၊ ဆေးပညာ အစရှိတာတွေအပြင် Disaster Management လို့ခေါ်တဲ့ သဘာဝဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ခန့်ခွဲရမယ်ဆိုတဲ့ နည်းပညာ အလုံအလောက်ရှိတာကြောင့် အချိန်မီကယ်ဆယ်ရေးတွေလုပ်၊ အသက်ရှင်ကျန်သူတွေကို ဘေးလွတ်ရာပို့၊ လိုအပ်တဲ့ သတိပေးချက်တွေကို ပြည်သူတွေထံ အချိန်နဲ့ တပြေးညီပေးပို့နိုင်ခဲ့ပြီး သေမယ်ဆိုသေသွားနိုင်တဲ့ လူသားအများအပြားကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နူကလီးယားအန္တရာယ်ကိုပါ သတ္တိရှိရှိရင်ဆိုင်နိုင်တဲ့ အခြေအနေအထိ ပြည်သူတွေရဲ့ စိတ်ခွန်အားကိုပါ ဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။ မြန်မာပြည်က နာဂစ်မုန်တိုင်းခံဒေသတွေမှာတော့ ဂျပန်လောက် အင်အားအပြည့် မကယ်ဆယ်နိုင်ခဲ့တာကြောင့် ကြွေလွင့်နစ်နာခဲ့ရသူတွေ ရှိခဲ့ရပါတယ်။  ဒါဟာနည်းပညာဆင်းရဲမှုနဲ့ အသိပညာဗဟုသုတ ဆင်းရဲမှုတို့ကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် ပိုက်ဆံမရှိတဲ့ ဆင်းရဲခြင်းထက် အထက်မှာ ဥပမာအနေနဲ့ တင်ပြခဲ့တဲ့ ဆင်းရဲခြင်းလို ဆင်းရဲနိမ့်ကျမှုတွေဟာ လူတစ်ဦးချင်းထက်၊ မိသားစုလိုက်၊ နေရာဒေသအလိုက်၊ တိုင်းပြည်အလိုက် အတိုင်းအတာ ကျယ်ဝန်းစွာနဲ့ ကာလရှည်ကြာစွာ ဒုက္ခရောက်တတ်တာကြောင့် သတိထားပြင်ဆင်ပြီး အတတ်နိုင်ဆုံး မဆင်းရဲအောင် အားထုတ်ကြရမှာပါ။ ဒီလိုဆင်းရဲမှုတွေကို ထိပ်တန်းနိုင်ငံတွေလိုခေါ်တဲ့ First World Countries တွေက ကျော်လွန်သွားခဲ့ကြပါပြီ။ အမေရိကန်၊ ဥရောပနိုင်ငံတချို့၊ အာရှအင်အားကြီးနိုင်ငံတွေ၊ အာစီယံမှာဆို စင်ကာပူတို့ဟာ ဒီဆင်းရဲခြင်းတွေကြောင့် လူတွေ မသေရလေအောင် ငွေကုန်ကြေးကျခံ ပြင်ဆင်ထားကြပါတယ်။ Third World Countries တွေလိုခေါ်တဲ့ ဖွံ့ဖြိုးဖို့ လိုအပ်နေသေးတဲ့ နိုင်ငံတွေမှာတော့ ဒီစိန်ခေါ်မှုတွေကို အကြီးအကျယ်ရင်ဆိုင်ကြရပါတယ်။ ဒီနိုင်ငံတွေမှာတောင်မှ တချို့နိုင်ငံတွေက နောက်မကျရလေအောင် ရင်းနှီးတဲ့နိုင်ငံတွေဆီက တတ်နိုင်သမျှ အကူအညီတွေယူပြီး အခြေခံအုတ်မြစ်ချကြပါတယ်။ တချို့နိုင်ငံတွေကတော့ မလိုအပ်တဲ့ ပြင်ဆင်မှုတွေလို သဘောပိုက်ရင်း အသုံးစရိတ် အနည်းဆုံးပေးပြီး အရေးမကြီးတဲ့ ခေါင်းစဉ်အောက်ထည့်ထားကြပြန်ပါတယ်။ ဒီအခါ လိုက်တဲ့နိုင်ငံက မီသွားပြီး မဆိုင်သလိုနေတဲ့နိုင်ငံတွေကတော့ ဒုံရင်းဒုံရင်းဆိုသလို မတိုးတက်၊ မတိုးတက်တော့ ဆင်းရဲ၊ ဆင်းရဲတော့ လူသေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီတခါ ကျွန်တော့်ကို ဆင်းရဲရင်သေတတ်လားမေးရင်တော့ “သေတတ်တာမှ တစ်ယောက်ချင်းမကဘူးဗျို့၊ အစုလိုက်အပြုံလိုက်ကို နှစ်ရှည်လများ အခါခါကို သေတတ်တာဗျ” လို့ဖြေဖြစ်တော့မယ် ထင်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host