ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အတွက် အာမခံလျှောက်ထားခြင်းကို
ပလပ်လိုက်သည့်အတွက် တရားရုံးတွင် တာဝန်ခံမိတ္တူလျှောက်ထားခဲ့ရာ
ထိုတာဝန်ခံမိတ္တူရရှိသည့်အခါတွင် တရားသူကြီးကိုယ်တိုင် အမိန့်ချမှတ်စဉ်အခါက
ပြောဆိုခဲ့သည့် “လူအများစိတ်ပါဝင်စားသည့်အမှုဖြစ်သောကြောင့်
အာမခံမပေးနိုင်” ဆိုသည့် စကားရပ်ကို အမှုတွဲမှတ်တမ်းတွင်
ဖေါ်ပြထားခြင်းမရှိဘဲ “အာမခံပေးရန် မသင့်တော်သည့်အမှုဖြစ်သောကြောင့်”
ဆိုသည့် အသုံးအနှုန်းကို အစားထိုးသုံးနှုန်းထားသည်။ ထိုအချိန်က
မြန်မာ့တရားစီရင်ရေးလောကကို ကျွန်တော်အလွန် စိတ်ပျက်သွားမိသည်။
အာဏာစက်ကိုကြောက်ရွံ့ရသော စစ်အာဏာရှင်လက်အောက် တရားစီရင်ရေးရှိ
တရားသူကြီးများသည် အမှုတွဲမှတ်တမ်းကို လိမ်ညာမှတ်တမ်းတင်လောက်အောင်အထိ
မြန်မာ့တရားစီရင်ရေးလောက ချို့ယွင်းပျက်စီးချွတ်ချုံ ကျခဲ့ရပေသည်။
အခြားတစ်ဖက်တွင် ထိုကဲ့သို့အာမခံကို
ပလပ်သည့်အမိန့်ချမှတ်လိုက်သည့်အချိန်တွင် ကျွန်တော်မှာ
ပြင်ပသတင်းမီဒီယာများကို အာမခံပယ်ရသည့် အကြောင်းအရင်းနှင့် ပတ်သတ်ပြီး
အမှန်အတိုင်းပြောဆိုထားခဲ့ပြီး ဖြစ်သည်။ အမှုတွဲမှတ်တမ်းရရှိသည့်အချိန်တွင်
ထိုကဲ့သို့ လိမ်ညာမှတ်တမ်းတင်ထားသည်ကို သိရှိရသောအခါ ကျွန်တော့ကိုပင်
တရားရုံး၏ စီရင်ဆုံးဖြတ်ချက်ကို မှားယွင်းစွာပြောဆို သတင်းထုတ်ပြန်သည်ဟူသော
အကြောင်းပြချက်နှင့် ပြန်လည်တရားစွဲဆိုနိုင်သည့်
အနေအထားမျိုးဖြစ်နေပေသည်။ ထို့ကြောင့် ယင်းသို့ တရားရုံးမှ အမှုတွဲကို
လိမ်ညာမှတ်တမ်းတင်ခြင်းနှင့် စပ်လျဉ်း၍ တစ်ခုခုတုန့်ပြန်နိုင်ရန်အတွက်
ကိုဖိုးဖြူနှင့် တိုင်ပင်ရာ -
- ယခုစစ်ဆေးစီရင်သည့် တရားရုံးကို အယုံအကြည်မရှိတော့သဖြင့်
တခြားတရားရုံးတွင် ပြောင်းလဲစစ် ဆေးပေးပါရန်
ရုံးပြောင်းလျှောက်ထားနိုင်သည့်နည်းလမ်းတစ်ခုနှင့်
- အမှုတွဲကို လွဲမှားစွာ မှတ်တမ်းတင်သည့်အပေါ်တွင် သက်ဆိုင်ရာတရားရုံးကို
သက်သေအထောက်အထားခိုင်လုံစွာဖြင့် တရားစွဲဆိုနိုင်သည့် နည်းလမ်းတစ်ခု
စသည့်နည်းလမ်းနှစ်ခုကို စဉ်းစားမိပေသည်။
ရုံးပြောင်းလျှောက်ထားပါကလည်း အခြားတရားရုံးတွင်
ထိုကဲ့သို့ပင်စစ်ဆေးစီရင်မည့်အတွက် ထူးထူးခြားခြား
ဖြစ်လာနိုင်မည်မဟုတ်သည့်အပြင် ရုံးပြောင်းလျှောက်ထားခြင်းအားဖြင့်
မြန်မာ့တရားစီရင်ရေးလောက ယိုယွင်းပျက်စီးချွတ်ခြုံကျနေသည်ကို
ကွက်ကွက်ကွင်းကွင်းထောက်ပြနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်
ဒုတိယနည်းလမ်းဖြစ်သည့် တရားသူကြီးကို တရားစွဲနိုင်မည့်နည်းလမ်းကို
ရွေးချယ်ရန်လျာထားလိုက်ရသည်။ ယင်းသို့တရားစွဲ မည်ဆိုပါက
အာမခံလျှောက်ထားမှုကို ပလပ်သည့်အမိန့်ချမှတ်သည့်အချိန်က
မြင်တွေ့ကြားသိခဲ့ရသူများကို ကျမ်းကျိန်လွှာ ပြုလုပ်လျက် သက်သေများအဖြစ်
တင်ပြရမည်ဖြစ်သည်။ ထို့ပြင် အရေးအကြီးဆုံးမှာ စွပ်စွဲခံရသူများ ဖြစ်သည်။
ကိုတင်ဝင်း၊ ကိုညီညီမင်းကို တိုင်ပင်ရပေမည်။ ကိုတင်ဝင်း၊ ကိုညီညီမင်း၏
သဘောဆန္ဒမှာ လွန်စွာအရေးကြီးပေသည်။ ထို့ပြင်
ပလပ်မိန့်ချမှတ်လိုက်သည့်အချိန်က တရားရုံးတွင်စောင့်ဆိုင်း
ကြည့်ရှုနေကြသည်မှာ ကိုတင်ဝင်း၊ ကိုညီညီမင်းတို့၏ မိသားစုများနှင့်
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖွဲ့ဝင်များဖြစ်သည်။ ခိုင်လုံသည့်သက်သေအဖြစ် တင်ပြနိုင်ရန်အတွက် အနဲဆုံး
(၃) ယောက်ကို ပလပ်မိန့်ချမှတ်လိုက်သည့်အချိန်က
မြင်တွေ့ကြားသိခဲ့သည့်အတိုင်း အမှန်အကန်ဖြစ်ကြောင်း
ကျမ်းကျိန်လွှာပြုလုပ်ရမည် ဖြစ်သည်။ ကျမ်းကျိန်လွှာပြုလုပ်မည့်
ကုန်ကျစရိတ်ကို တတ်နိုင်ကြသူများ မဟုတ်ကြပေ။ ကိုတင်ဝင်း၊ ကိုညီညီမင်းတို့
မိသားစုများကလည်း ယင်းကုန်ကျစရိတ်ကို ပေးနိုင်ကြမည် မဟုတ်ပေ။
ထို့ပြင် အာမခံလျှောက်ထားခြင်း ပလပ်လိုက်သည့်အတွက်လည်း အထက်တရားရုံးသို့
တက်နိုင်ရန် ပြင်ဆင်ရမည်ဖြစ်သည်။ ထို့အတွက်လည်း
ကုန်ကျစရိတ်များရှိလာနိုင်သည်။ ကိုတင်ဝင်းမှာ ၎င်း၏ မိသားစုတွင်
အိမ်ထောင်ဦးစီးဖြစ်သောကြောင့် အဖမ်းခံရသည့်အချိန်တွင် သူ့မိသားစု
စားဝတ်နေရေး၊ ရပ်တည်ရေးအတွက် အတော်ပင် ထိခိုက်သွားရပေသည်။ ထို့ပြင်
ကိုတင်ဝင်းအဖမ်းခံနေရ၊ အမှုရင်ဆိုင်နေရသည့်အတွက်ကြောင့်လည်း သူ့မိသားစုတွင်
ဝန်ထုပ်ဝန်ပိုးဖြစ်နေရပေသည်။ ယင်းအတွက်လည်း ကုန်ကျစရိတ်များရှိလာပေသည်။
ထို့နည်းတူ ကိုညီညီမင်း အမှုရင်ဆိုင်နေရသည့်အချိန်တွင်ပင် ကိုညီညီမင်း၏
ဖခင်သည် အင်းစိန်ထောင် သီးသန့်တရားရုံးတွင် ပြစ်မှုဥပဒေပုဒ်မ- ၅၀၅(ခ)
နှင့်ပင် တရားစွဲဆိုခံထားရသည်။
ထို့ကြောင့် ကိုညီညီမင်း၏ မိသားစုတွင်လည်း သားအဖနှစ်ယောက်အတွက် ကုန်ကျစရိတ်ပေါင်းများစွာရှိနေပြန်ပါသည်။
ယင်းကုန်ကျစရိတ်များကို ထောင်ကျနေသည့်နိုင်ငံရေးအကျဉ်းသားများနှင့်
၎င်းတို့၏မိသားစုဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ
မတတ်နိုင်ကြပါ။
မိသားစု စားဝတ်နေရေးအတွက် အနိုင်နိုင်ရပ်တည်နေကြရသူများအနေဖြင့်
အပိုကုန်ကျစရိတ်များကို မတတ်နိုင်ကြသည်မှာ မြန်မာနိုင်ငံတွင် န.အ.ဖ လက်ထက်
ဒီမိုကရေစီရေးကို လိုလားလုပ်ဆောင်နေကြသူများ၊ ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရသူများ အများစုရင် ဆိုင်နေရသည့် ပြဿနာပင်ဖြစ်သည်။
ယခုအမှုကို လည်းဒဂုံမြို့သစ်(တောင်ပိုင်း) တရားရုံးတွင်
ဆက်လက်ရင်ဆိုင်နေရပေသည်။ အပတ်စဉ် ရုံးချိန်းတိုင်းနှင့်
ထောင်ဝင်စာတွေ့ရသည့် စရိတ်စကများသည် လွန်စွာကြီးမားလှကာ၊ အခြားတစ်ဖက်တွင်
မိသားစုများအနေဖြင့် စီးပွားရေးဟူ၍ မည်မည်ရရ လုပ်ကိုင်စားသောက်၍ မရလောက်
အောင်အဖက်ဖက်မှ ပိတ်ဆို့ တားဆီးခြင်း ခံထားကြရသူများဖြစ်နေပေသည်။
ထို့ကြောင့် အမှုတွဲကို မဟုတ်မမှန် မှတ်တမ်းတင်ထားသည့် တရားရုံးတော်
တရားသူကြီးကို တရားစွဲမည်ဆိုပါက ကုန်ကျစရိတ်သည် ပထမဦးစွာ အခက်အခဲတစ်ခု
ဖြစ်နေပေသည်။
ဒုတိယတစ်ချက်အနေဖြင့် ကျွန်တော်၏ စိတ်ပိုင်းဆိုင်ရာ မပြတ်သားမှုကို
ဝန်ခံရမည်ဖြစ်သည်။ မိမိအထင်ကြီးလေးစားရသော
တရားစီရင်ရေးလောကသားတစ်ဦးတစ်ယောက်ကို တရားစွဲဆိုရန်အတွက်
မ၀ံ့မရဲဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့မ၀ံ့မရဲဖြစ်ရသည်မှာလည်း
တရားစွဲဆိုရန် ကြောက်ရွံ့သောကြောင့် မဟုတ်။
တရားစီရင်ရေးလောကသားအချင်းချင်းကို ကိုယ်ချင်းစာနာစိတ်၊
မျက်နှာနာသည့်စိတ်ဖြစ်မိသောကြောင့် ဖြစ်သည်။ နောင်အခါ ကျွန်တော်ကိုယ်တိုင်
လှိုင်သာယာမြို့နယ်၊ တရားသူကြီး၏ တရားစွဲဆိုခြင်းကိုခံရသောအခါ ထိုကဲ့သို့
တရားစီရင်ရေးလောကသားချင်းအပေါ် ထားရှိခဲ့သော ကိုယ်ချင်းစာနာစိတ်၊
မျက်နှာနာသည့်စိတ်သည် လွန်စွာလွဲမှားကြောင်း သိရှိခဲ့ရပေသည်။
တတိယအကြောင်းတစ်ချက်မှာ တရားစွဲဆိုမည့် အဓိကတရားလိုများဖြစ်ကြသည့်
ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ သဘောပေါက်နားလည်အောင်
ရှင်းလင်းပြောဆိုရမည်ဖြစ်သည်။
တရားရုံးအချုပ်ခန်းတွင် အစောင့်ရဲနှင့် ထောက်လှမ်းရေးများ
စောင့်ကြပ်ကြည့်ရှုနေသည့် အခြေအနေအောက်တွင် တရားသူကြီးကို အမှုတွဲတွင်
မမှန်မကန် မှတ်တမ်းတင်မှုဖြင့် တရားစွဲဆိုရန်အတွက်
ရှင်းရှင်းလင်းလင်းပြောဆိုနိုင်ရန် လွန်စွာခက်ခဲသည့် အခြေအနေတွင်ရှိပေသည်။
အထက်ပါအကြောင်းသုံးချက်ကြောင့် နောက်တစ်ပတ်ရုံးချိန်တွင်
ကိုတင်ဝင်းနှင့် ကိုညီညီမင်း နားလည်နိုင်ရန်အတွက်
ရှင်းလင်းပြောဆိုတော့မည်ဟူ၍ ဆုံးဖြတ်လိုက်ရသည်။ အကယ်၍ ကာယကံရှင်များကိုယ်၌
တရားစွဲဆိုခြင်းကိစ္စကို စိတ်အားထက်သန်စွာ လုပ်ဆောင်မည်ဆိုပါက
အခက်အခဲအမျိုးမျိုးကြားမှပင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း
စိတ်ပိုင်းဖြတ်ထားကာ ယခုအပတ်ရုံးချိန်းတွင် စစ်ဆေးဆဲအမှုကို
ဆက်လက်စစ်ဆေးလိုက်ရပေသည်။
ပြစ်မှုဥပဒေ ပုဒ်မ – ၅၀၁ အရဆိုလျှင် နစ်နာသူကိုယ်တိုင်သာလျှင်
တရားလိုပြုလုပ်၍ တရားစွဲဆိုရမည်ဖြစ်ကြောင်းကို ယခင်ဆောင်းပါးတွင်
ရေးသားထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နစ်နာသူ မည်သူဖြစ်ကြောင်း
ထင်ထင်ရှားရှား၊ ကွက်ကွက်ကွင်းကွင်း၊ မြင်နိုင်ရန်အတွက် အဓိက ဦးတည်လျက်
ပြန်လှန်မေးခွန်းများမေးမြန်းရန် ပြင်ဆင်မေးမြန်းရပေသည်။
ဆက်လက်ရေးသားပါအုံးမည်