Sunday, April 10, 2016

ဟိုပင်မှာ စက်သုံးဆီ သိုလှောင်ကန်တွေကို မြို့ခံတွေကန့်ကွက်ဖို့ ပြင်ဆင်

hopin-oil-620.jpg
(ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မီးရထားလမ်းနှင့် ကားလမ်းဆုံအနီး၊ မြဇေယျာရပ်ကွက်အတွင်းရှိ Asia World Company ပိုင် ဓါတ်ဆီ၊ ဒီဇယ် စက်သုံးဆီသိုလှောင်ကန် ဆောက်လုပ်နေမှုကို တွေ့ရစဉ်)
ဓါတ်ပုံ - ဟိုပင် ဘိုးဘိုးကြီး (facebook)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ Asia World ကုမ္ပဏီက စက်သုံးဆီသိုလှောင်ကန် ၄ ခု  ဆောက်လုပ်နေတာကို ဟိုပင်မြို့ခံတွေက လက်မှတ်ရေးထိုးကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။
ဟိုပင်မြို့လယ်မှာ စက်သုံးဆီလှောင်ကန် ၄ ခု တည်ဆောက်နေတာဟာ အခုလို ပူပြင်းတဲ့ကာလမှာ မီးဘေးအန္တရယ် စိုးရိမ်ရတာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ဟိုပင်မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်း က ပြောပါတယ်။
"မြို့ထဲမှာ ကားအကြီးတွေတောင်မရပ်ခိုင်းတော့ဘူး၊ မကြာသေးခင်ကလည်း မီးလောင်ထားသေးတယ် ဆိုတော့၊ ကျနော်တို့အင်မတန်စိုးရိမ်လို့ မြို့လည်ခေါင်မှာ ဒီကားကြီးတွေ လာရပ်ပြီးတော့ ဆီတွေတင်၊ ချမှာကို မခံနိုင်လို့ ကျနော်တို့က တင်ပြကြတာပါ၊ ဆီလှောင်ကန်ကြီးတော့ မထားစေချင်ဘူးပေါ့ဗျာ၊ ဒီလောက်အများကြီး မြို့ထဲမှာကျတော့ နေပူလည်း ကျနော်တို့ကြောက်တယ်၊ နောက်ဆီကိုလာထည့်တာတို့၊ လာထုတ်တာတို့ကို ကျနော်တို့ အင်မတန်စိုးရိမ်ပါတယ်၊ ဒီဟာကြီးကို အမြန်ဆုံး၊ အတတ်နိုင်ဆုံးရွှေ့ပေးဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်"
ပြီးခဲ့တဲ့မတ်လအတွင်းက ဟိုပင်မြို့ခံတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့ပေမယ့် ဆက်လက်ဆောက်လုပ်နေတာကြောင့် သင်္ကြန်ကာလအပြီးမှာ ထပ်မံကန့်ကွက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
စက်သုံးဆီသိုလှောင်ကန် ၄ ခု တည်ဆောက်နေတဲ့နေရာဟာ မြို့မတောင်၊ မြို့မမြောက်၊ မြသီတာ၊ မြဇေယျာစတဲ့ ဟိုပင်မြို့ရဲ့ ရပ်ကွက်ကြီး လေးခု ဆုံတဲ့နေရာမှာဖြစ်ပါတယ်။
အဲ့ဒီဆီလှောင်ကန်တွေဟာ မီးရထားဘူတာရုံနဲ့ ကားဂိတ်တွေအနီးမှာဖြစ်သလို မြို့လယ်ခေါင် လူနေအိမ်တွေ နဲ့လည်း နီးကပ်တဲ့အတွက် မြို့ခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။
သိုလှောင်ကန်တစ်ခုကို ဂါလံ လေးထောင်ကျော်ဆန့်ပြီး စုစုပေါင်း ဆီလှောင်ကန် လေးခုမှာ စက်သုံးဆီ ဂါလံ နှစ်သောင်းဝန်းကျင် ထည့်လှောင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host