Saturday, December 19, 2015

မီဒီယာဖိနှိပ်မှု ရပ်တန့်ဖို့ ဆုတောင်းသူ ကျပ် ၁၀၀၀၀ ဒဏ်ရိုက်ခံရ

shwe-hmon-620.jpg
သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုန် ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးရှေ့မှာတွေ့ရစဉ်
Photo: Htet Arkar/RFA
သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ်မှု ရပ်တန့်ဖို့နဲ့ ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့အတွက် ဆုတောင်းပွဲ ကျင်းပခဲ့တဲ့ သတင်းထောက်တွေထဲက သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုန်ကို ပုဒ်မ ၁၉ နဲ့ ကျောက်တံတား မြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ်တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ တရားစွဲဆိုခံရတာတွေများတဲ့အတွက် ဆုတောင်းပွဲ ဆန္ဒပြပွဲတွေ ကျင်းပတာကို အမိန့်ချတာဖြစ်ပြီး ငွေဒဏ် ပေးဆောင်ခဲ့တယ်လို့ သတင်းထောက်ချုပ် မရွှေမှုန် က ပြောပါတယ်။
"သတင်းသမားတွေဟာ ၂ဝ၁၄ မှာ ဖမ်းဆီးခံရတယ်၊ ပြစ်ဒဏ်အများကြီး ချခံရတယ်၊ လက်ရှိရင်ဆိုင်နေတဲ့ သူတွေလည်းရှိတယ်၊ ဒီအတွက်ကို ငါးလွှတ်တာတွေ၊ ငှက်လွှတ်တာတွေ၊ ဘုရားမှာဆုတောင်းတာတွေ၊ အလှူငွေလှူဒါန်းတာတွေ ဒါမျိုးတွေရှိခဲ့တယ်၊ အခုဟာကလည်း ဝတ်ပြုဆုတောင်းဖို့အတွက်ကို အာဏာပိုင်ကို ခွင့်ပြုဖို့တောင်းစရာမလိုဘူးလို့ ယူဆတဲ့အတွက် ကျမတို့က ဝတ်ပြုဆုတောင်းခဲ့တယ်၊ ဒီဝတ်ပြုဆုတောင်းခဲ့တဲ့ အတွက် ကျမတို့ကို အရေးယူတယ်၊ လူတွေကတော့ အများကြီးပဲ၊ အယောက် ၅ဝ ကျော်လောက်ပါတယ်၊ ဒါပေမဲ့ ကျမတစ်ယောက်တည်းကို တရားစွဲဆိုခဲ့တယ်၊ အခုပုဒ်မ ၁၉ နဲ့ တစ်နှစ်ကျော်ရင်ဆိုင်ပြီးတော့မှ ဒီနေ့အပြစ်ဒဏ် အမိန့်ချတာ ထောင်ဒဏ် ၁၅ ရက်ကျရင်ကျ မကျရင် ဒဏ်ငွေတစ်သောင်း ဆောင်ပါဆိုပြီး ကျောက်တံတားမြို့နယ် တရားရုံးက အမိန့်ချခဲ့တယ်"
မရွေမှုန်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာ သတင်းသမားတွေအပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းမီဒီယာသမားတွေကို အရေးယူဖမ်းဆီးနေ တာတွေ ရပ်တန့်ရေးအတွက် မရွှေမှုန်အပါအဝင် သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ ၁ဝဝ လောက်ဟာ ဆူးလေဘုရားမှာ ဆုတောင်းပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပဖို့ ခွင့်မပြုထားဘဲ ဆုတောင်းခဲ့တာကြောင့် ပုဒ်မ ၁၉ နဲ့ အရေးယူခံရ တာဖြစ်ပါတယ်။
သတင်းမီဒီယာသမားတွေ ဖမ်းစီးထောင်ချခံရတာနဲ့ ပတ်သက်ပြီး ဘုရားပေါ်မှာ ဝတ်ပြုဆုတောင်းခဲ့တာကြောင့် တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
မရွှေမှုန်အတွက် ဒဏ်ငွေ ကျပ်တစ်သောင်းကို အမှုရုံးချိန်းကို လာရောက်ကြတဲ့ သတင်းမီဒီယာသမားတွေက စုပေါင်းပြီး မရွှေမှုန်ကိုယ်စား ဒဏ်ငွေပေးဆောင်လိုက်ပါတယ်။
သတင်းထောက်ချုပ် မရွှေမှုန်ကို  RFA အဖွဲ့သား ကိုနေရိန်ကျော်က မေးမြန်းထားပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host