Thursday, September 5, 2013

မွန်ပြည်နယ် သိမ်းဆည်းခံရော်ဘာခြံတွင် သီးစားချ လုပ်ပိုင်ခွင့်မရတော့

ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၃၃ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စုရှိ ခြံမြေဧက ၃၅၀ ကျော်ကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်း ခဲ့ပြီးနောက် မူလပိုင်ရှင်တို့ သီးစားချလုပ်ကိုင်ခွင့်ရရှိခဲ့သော်လည်း ယခုနှစ်တွင်မူ လုပ်ပိုင်ခွင့်မရှိတော့ဟု ခြံပိုင်ရှင်များကပြောသည်။

တပ်သိမ်းမြေများကို မြေယာသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင် အဖွဲ့ခွဲ (၉) က ဇွန်လတွင် ကွင်းဆင်းလေ့ လာပြီးနောက် နိုင်ငံတော်မှ ဆုံးဖြတ်ဆောင်ရွက်ချက် တစ်စုံတစ်ရာမပြုမီ စကခ ၁၉ လက်အောက်ခံခမရ ၅၈၆ တပ်ရင်းက ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“အခုခြံရှင်ကို သီးစားမပေးတော့ဘူး။ သူတို့ တပ်မိသားစုကိုပဲပေးတော့မယ်တဲ့။ အခုဆိုလုံးလုံးကို ပေးမ၀င်
တော့ဘူး” ဟု ရော်ဘာခြံ ၂၆ ဒသမ ၆၃ ဧက မူလပိုင်ရှင် ဒေါ်ငွေပင်က ပြောသည်။

၁၉၉၁ ခုနှစ်မှစ၍ ရော်ဘာ၊ ကွမ်း၊ ဒူးရင်း၊ မင်းဂွတ်စသည့် နှစ်ရှည်ပင်များ စိုက်ပျိုးထားသည့် ခြံမြေဧက ၃၅၀
ကျော်ကို ၂၀၀၀ ခုနှစ်တွင် ခမရ ၅၈၆ က တပ်သစ်တည်ရန်အတွက် သိမ်းယူခဲ့သည်။ အများစုမှာ ရော်ဘာ ပင်များ ဖြစ်ပြီး စုစုပေါင်းအပင် ၅၀,၀၀၀ (ငါးသောင်း) ကျော်ရှိသည်ဟု ခြံပိုင်ရှင်တို့ကဆိုသည်။

ယင်းနောက် ၂၀၀၀ ခုနှစ်အရောက်တွင် သီးစားလုပ်ကိုင်ခွင့်အတွက် ရော်ဘာတစ်ပင်အတွက် တစ်နှစ်သီး စားခမှာ ၁၅၀၀ ကျပ်ဖြစ်သည်ဟု ခြံပိုင်ရှင်များကဆိုသည်။

သီးစား ပြန်ချပေးရန်အတွက်ခြံရှင် ၃၅ ဦး၏ စုပေါင်းလက်မှတ်ရေးဖြင့် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင် ရာ လွှတ်တော်များတွင် ဆွေးနွေးရန်အတွက် ဒေသမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များထံသို့ သြဂုတ်လ ဒုတိယပတ်အတွင်း အသနားခံစာ တင်ပြထားသည်ဟုလည်း ဒေါ်ငွေပင်ကပြောသည်။

မွန်ပြည်သစ်ပါတီနှင့် ယခင်အစိုးရတို့ ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ၂၀၀၀ ခုနှစ်တွင်
ရေးမြို့နယ်အတွင်း တပ်ရင်း ၁၀ ရင်းခန့် တိုးချဲ့ချထားခဲ့ရာ မြေဧက မြောက်မြားစွာ သိမ်းဆည်းခံခဲ့ကာ
ရေး မြို့နယ် မြောက်ပိုင်းတွင် ခမရ ၅၈၆၊ ၅၈၇၊ ၃၄၃တပ်ရင်း သုံးရင်းက တပ်သစ်တည်ရန်အတွက် မြေဧက ၃,၀၀၀ ကျော်ကို သိမ်းဆည်းခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ ၂၀၀၃ ခုနှစ်ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်မှသိမ်းယူထားသည့် မြေဧကပေါင်း သုံးသိန်းခန့် ရှိပြီး မူလသိမ်းယူစဉ်က လယ်မြေ၊ ယာမြေများ ဖြစ်ခြင်းနှင့် တပ်များကိုယ်တိုင်စိုက်ပျိုးခြင်းမပြုဘဲ သီးစားခ ချခဲ့သောမြေများဖြစ်ပါက ပြန်လည်ပေးအပ်ရေး စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဇူလိုင်လ ၁၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ပြောကြားခဲ့သည်။

သို့သော်လည်း လက်တွေ့အကောင်အ ထည်ဖော်ရာတွင် နှောင့်နှေးနေခြင်းကြောင့် အစိုးရနှင့် တောင်သူ လယ်သမားများ ထိပ်တိုက်တွေ့အောင် ကြားမှအမြတ်ထုတ်ခြင်း၊ လယ်ယာမြေများ ပြန်လည်ရရှိအောင်
ဆောင်ရွက်ပေးမည်ဟုဆိုပြီး တောင်သူလယ်သမားများထံမှ ငွေကြေးလိမ်လည်ခြင်းတို့ ဖြစ်ပေါ်စေပြီး အစိုးရနှင့် လွှတ်တော်၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ရေးမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ဝေဖန်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host