Wednesday, September 4, 2013

အစိုးရတပ်နှင့် တအာင်းတပ်တို့ တိုက်ပွဲဖြစ် ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးဟုဆို

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၁၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်လန်အခြေစိုက် ခမရတပ်ရင်း ၁၇ နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦး TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားရာမှ ပါလိုင်ကျေးရွာသားတစ်ဦး လက်နက်ကြီးထိ မှန်ကာ
 သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

စက်တင်ဘာ ၂ ရက်တွင် နှစ်ဘက်တိုက်ပွဲဖြစ်ရာမှ အသက် ၃၃ နှစ်အရွယ် ဦးစံမတ်သည် နေအိမ်တွင် နေထိုင်နေစဉ် ရင်ဘတ်ကို ကျည်ဆန်ထိမှန်ကာပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ပါလိုင်ကျေးရွာ ဒေသခံ ကိုမင်းဦးက
ပြောသည်။

“တိုက်ပွဲဖြစ်ပြီးတော့ ခဏပဲသူတို့အိမ်မှာ ကျည်တွေလာကျတယ်။ သူ့ကိုရင်ဝကိုထိပြီးတော့ ဆုံးသွားတယ်။ လက်နက်ကြီးက အိမ်နောက်ဖေးမှာ တစ်လုံးကျတယ်လို့ပြောတယ်။ လက်နက်ကြီးတွေလည်း ကျတယ်။ ဒါပေမဲ့ သူ့ကိုထိတာတော့ လက်နက်ကြီးမဟုတ်လောက်ဘူး” ဟု သူကမဇ္စျိမကိုပြောသည်။

စက်တင်ဘာလ ၂ ရက် ညနေ ၄ နာရီ ချိန်တွင် အစိုးရတပ်မှာ လှုပ်ရှားလာသဖြင့် ကျောက်မဲမြို့နယ် ပါလိုင်ကျေးရွာ အနီး TNLA တပ်ရင်း ၂၅၆ တပ်ခွဲနှင့် ၃၀ မိနစ်ကြာ တိုက်ပွဲရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထိခိုက်ရခြင်း
ဖြစ်သည်ဟု TNLA ဗိုလ်မှူး မိုင်းဘုန်းကျော်ကပြောသည်။ သို့သော် ဦးစံမတ် သေဆုံးခဲ့ခြင်းကိုမူ TNLA က အတည်မပြုပါ။

“တိုက်ပွဲကရွာနဲ့နီးတော့ ကျွန်တော်တို့တပ်ဖွဲ့ကို ပြန်ဆုတ်ခိုင်းလိုက်တယ်။ နှစ်ဘက်ထိခိုက်တာတော့မရှိဘူး။ အဲဒီမှာရွာသားတစ်ဦး လက်နက်ထိသွားတယ်ပြောတယ်” ဟု သူကမဇိ္ဈမကို ပြောသည်။ TNLA တပ် ဖွဲ့များက စည်းရုံးရေးဆင်းသည့် လမ်းကြောင်းတွင် အစိုးရတပ်ရှိနေသည့်အတွက် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရခြင်းဟုလည်း သူကပြောသည်။

“ကျွန်တော်တို့ ရွာမှာရှိနေတယ်ဆိုတာ ကိုသူတို့သိတော့ အတင်းလိုက်လာတယ်။ ရွာအစပ်မှာ တိုက်ပွဲဖြစ်တာ။ သူတို့ အစိုးရတပ်က ကျွန်တော်တို့ရှိတဲ့နေရာကို အတင်းလိုက်လာလို့ တိုက်ပွဲဖြစ်တာပါ” ဟု ပြော သည်။

အစိုးရစစ်တပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပါလိုင်ကျေးရွာရှိ အိမ်နှစ်လုံး ပျက်စီးသွားခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုများ မရှိသော်လည်း စိုးရိမ်မှုများရှိနေသည်ဟု ကိုမင်းဦးက ဆိုသည်။

သေဆုံးသူဦးစံမတ်၏ ဇနီးနှင့်သားသမီးနှစ်ဦး ကျန်ရစ်ခဲ့သည်ဟုသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက် က အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် PSLF^TNLA ကိုယ်စားလှယ်များ အပစ်အခတ် ရပ်ဆိုင်းရေးတွေ့ဆုံ ဆွေးနွေးပြီးနောက် ရက်သတ္တပတ်ကျော်အကြာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host