စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အိုးဘိုထောင်ကျေးရွာအုပ်စုမှာ
တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးနဲ့ မြို့သစ်တည်ဆောက်ဖို့အတွက်
သိမ်းယူထားတဲ့မြေနေရာမှာ ဒီနေ့မနက်ပိုင်းက ဒေသခံအာဏာပိုင်တွေရောက် လာပြီး
အုတ်တံတိုင်းခတ်ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့်
ဒေသခံရွာသားတစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတယ်လို့ ကျေးရွာသားတွေက
ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်ဌာနအရာရှိအပါအဝင် လူပုဂ္ဂိုလ် ၁ဝဝ နီးပါးလောက်က အုတ်တံတိုင်းခတ်ဖို့လုပ်နေစဉ် ဒေသခံတွေဘက်က တားဆီးခဲ့တာကြောင့် ဒေါ်တင်ရီဆိုသူ ဒေသခံအမျိုးသမီးကို မုံရွာအမှတ် ၁ ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အိုးဘိုထောင်ရွာသူ မဥမ္မာကြည်က RFA ကို ပြောပါတယ်။
"လွှတ်တော်ရုံးဆောက်ဖို့ သိမ်းတဲ့မြေနေရာမှာ အုတ်တံတားခတ်ဖို့ လာကြပါတယ်ရှင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ တိုင်းအတွင်းရေးမှူးရယ်၊ နောက်ရဲအယောက် ၃ဝ လောက်နဲ့ ဒီမြေကိုလုံးဝမညှိနှိုင်းပဲနဲ့ အုပ်တံတိုင်းခတ်ဖို့ လုပ်ကြတာပေါ့၊ ကျမတို့တောင်သူတွေက လုံးဝသဘောမတူနိုင်ပါဘူးဆိုပြီး တားတဲ့အခါကျတော့ တောင်သူတွေကို ဖမ်းမယ်ဆီးမယ်လုပ်ပြီး ဒေါ်တင်ရီ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို မုံရွာမြို့ အမှတ် ၁ ရဲစခန်းကိုခေါ်သွားပါတယ်"
အိုးဘိုထောင်ကျေးရွာက တောင်သူ ၂ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၆ဝ ကျော်ကို လွန်ခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ကစလို့ လျော်ကြေးမပေးပဲ သိမ်းယူခဲ့တာလို့ ကျေးရွာသားတွေက ပြောပါတယ်။
သိမ်းယူထားတဲ့ မြေဧက ၁၆ဝ မှာ လွှတ်တော်ဆောက်ဖို့အတွက်လျာထားတဲ့ လယ်ယာမြေ ဧက ၆ဝ ကျော်အတွက် နစ်နာကြေးတောင်းခံထားခြင်းမရှိပေမဲ့ ကျန်တဲ့ ဧက ၁ဝဝ လောက်အတွက် လျော်ကြေးပေးဖို့ တောင်သူတွေ က တောင်းခံထားပြီးဖြစ်ကြောင်း ပြောပါတယ်။
အဲဒီမြေနေရာတွေမှာ အုတ်တံတိုင်းခတ်ဖို့ ဒေသခံအာဏာပိုင်တွေ လာရောက်တာဟာ အခုတခေါက်နဲ့ပါဆိုရင် ၁ဝ ကြိမ်လောက်ရှိပြီလို့ သိရပါတယ်။

0 comments:
Post a Comment