မွန်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး
လုပ်ငန်းများအတွက် ထိုင်း ဝန်ကြီးချုပ်ဟောင်း ချာဗလစ် ယောင်ချိုင်ယုဒ်
(General Chavalit Yougchaiyudh) ဦးဆောင်သည့် ထိုင်းစီးပွားရေး
လုပ်ငန်းရှင်များ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့
ဦးဆောင်သည့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များနှင့်
တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုင်း ဝန်ကြီးချုပ်ဟောင်း
ဦးဆောင်ပြီး ထိုင်း စီးပွားရေး လုပ်ငန်းရှင် ၂၂ ဦး ပါဝင်သည့် အဖွဲ့သည်
နံနက် ၉ နာရီခန့်တွင် မော်လမြိုင် လေဆိပ်သို့ ရောက်ရှိခဲ့ရာ
မွန်စီးပွားရေး လုပ်ငန်းရှင်များနှင့် အဖွဲ့က သွားရောက်ကြိုဆိုခဲ့ကြသည်။
၎င်းအဖွဲ့သည် ပြည်နယ် အစိုးရရုံးတွင် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး၊ မော်လမြိုင်မြို့ရှိ ငွေမိုး ဟိုတယ်တွင်လည်း မွန် စီးပွားရေး လုပ်ငန်းရှင်များနှင့် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
ထိုင်း ဝန်ကြီးချုပ်ဟောင်း ချာဗလစ် က “ကျနော်တို့ AEC (အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း) အတွက် ၂ နှစ် ပြင်ဆင်ထားတယ်။ မွန်ပြည်နယ်မှာ ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရင်းနှီးမြှပ်နှံသူတွေကိုလည်း ခေါ်လာတယ်။ ဒီ ၅ နှစ်အတွင်းမှာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး သူတို့ ဘာတွေ ရည်ရွယ်ထားတယ်၊ ဒါမှမဟုတ် ကျနော်တို့ ဘာတွေ ရင်းနှီးမြှုပ်နှံနိုင်မယ် ဆိုတာကို ကျနော်တို့ လာလေ့လာတာ” ဟု ပြောသည်။
ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး၊ မော်တော်ကားလမ်း ဖောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ဘန်ကောက်-မော်လမြိုင် လေကြောင်း ပြေးဆွဲရေးနှင့် မော်လမြိုင် လေဆိပ် ပြန်လည် ပြုပြင်မွမ်းမံရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
“ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေက ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ရာဘာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ရင်းနှီးဖို့ စိတ်ဝင်စားကြတယ်” ဟု သမိန်ဗရမ်း ဝန်ဆောင်မှု ကုမ္ပဏီ လိမိတက်မှ ဒါရိုက်တာ နိုင်ကွန်းချမ်း က ပြောသည်။
ထိုင်း ဝန်ကြီးချုပ်ဟောင်း အနေနှင့် မြန်မာနိုင်ငံတဝှမ်းတွင် ဒေါ်လာ သန်းပေါင်း နှစ်သောင်း ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားပြီး မွန်ပြည်နယ်ကို ဦးစားပေး လျာထားကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု Mon and Thanakorn Group ကုမ္ပဏီမှ နိုင်လရီရော့ဒ် က ပြောသည်။
ထိုင်း ဝန်ကြီးချုပ်ဟောင်းအဖွဲ့သည် မကြာမီ နိုင်ငံတော် အစိုးရနှင့် ဆက်လက်တွေ့ဆုံမည် ဖြစ်ပြီး ယခုနှစ်အတွင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးနိုင်လိမ့်မည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟုလည်း သူက ပြောသည်။
“အခုက လာကြည့်တာ လာညှိနှိုင်းတာပေါ့ဗျာ၊ နေပြည်တော် အစိုးရနဲ့ ညှိနှိုင်းပြီး နောက်တခေါက် ထပ်လာရင် MoU လက်မှတ်ထိုးမယ်လို့ ပြောတယ်” ဟု နိုင်လရီရော့ဒ် က ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် ကလည်း ပြည်နယ်တွင်း ဖွံ့ဖြိုးရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ရာဘာစက်ရုံ၊ ပို့ဆောင်ရေးလုပ်ငန်းများ လိုအပ်သည်ဟု ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပြီး၊ ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်တွေ့ဆုံသည်ကို ကြိုဆိုကြောင်း ပြောသည်။
“အကောင်အထည် မဖော်နိုင်တာ ကျနော်တို့ မဆွေးနွေးလိုဘူး။ ယေဘုယျအနေနဲ့ ဒီရင်းနှီးမြှုပ်နှံမှုကို ကျနော်တို့ အကောင်အထည် ဖော်နိုင်လိမ့်မယ် ထင်တယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမည် ဆိုပါက အလုပ်လက်မဲ့ ပြဿနာများ ပြေလည်နိုင်မည် ဖြစ်ပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာလိမ့်မည် ဖြစ်ကြောင်း မွန်ပြည်နယ် စီးပွားရေး လုပ်ငန်းရှင်များက မျှော်လင့်ကြသည်။
“နိုင်ငံခြားကို ကုန်ကြမ်း ပို့စရာ မလိုဘဲနဲ့ ဥပမာ ရာဘာကိစ္စတွေလို ကုန်ချောထုတ်လုပ်နိုင်တဲ့အတွက် ကျနော်တို့အတွက် အများကြီး အဆင်ပြေစရာ ရှိပါတယ်။ အခု ကျနော်တို့မှာ လျှပ်စစ်ကို ၂၄ နာရီ မရတဲ့အတွက် စက်မှုလုပ်ငန်းတွေဟာ ထင်သလောက် လုပ်လို့ မရဘူး။ လျှပ်စစ်ကို မွန်ပြည်နယ်မှာ အပြည့်အဝ ပေးနိုင်မယ် ဆိုရင် စက်မှုလုပ်ငန်းတွေ အများကြီး လုပ်နိုင်တဲ့အတွက် လူနေမှု အဆင့်အတန်းတွေ ပြောင်းလဲလာမယ်လို့ မျှော်လင့်တယ်” ဟု နိုင်ကွန်းချမ်း က ပြောသည်။
တွေ့ဆုံပြီးနောက် ထိုင်း ဝန်ကြီးချုပ်ဟောင်းနှင့် အဖွဲ့သည် မော်လမြိုင်ရှိ ကျိုက်သန်လံဘုရားသို့ ဝင်ရောက်ဖူးမြော်ကာ ညနေပိုင်းတွင် မွန်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

0 comments:
Post a Comment