
၂၀၁၂ ဧပြီလထုတ် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း မှ
သမ္မတ
ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် အစိုးရသစ်လက်ထက် မြန်မာနိုင်ငံမှာ
အပြောင်းအလဲ တော်တော်များများ ဖြစ်ပေါ်လာနေတာကို ဖူးငုံတို့လည်း
သတိထားမိကြမှာပါ။
မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တဖွဲ့ပြီး
တဖွဲ့ဆိုသလို ငြိမ်းချမ်းရေး သဘော တူညီချက်တွေ၊ စေ့စပ် ညှိနှိုင်းမှုတွေ
ရယူနိုင်ခဲ့တာဟာလည်း နိုင်ငံသားအားလုံးအတွက် ၀မ်းသာစရာ ကောင်းတဲ့
သတင်းကောင်းတွေပါ ပဲ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား အမျိုးပေါင်း စုံလင်
လှပါတယ်။
အများစုကတော့ ဗမာလူမျိုးတွေ ဆိုတာ အားလုံး သိကြပြီးသား ပါ။ တကယ်တမ်း
ပြောရမယ်ဆိုရင် ဗမာ ဆိုတာဟာလည်း မြန်မာနိုင်ငံ အတွင်းမှာ မှီတင်း
နေထိုင်နေတဲ့ တိုင်းရင်းသား တမျိုးပါ ပဲ။ ဒါပေမဲ့လည်း လူတချို့ အပြောအရ
ဗမာဆိုရင် ဘယ်နေရာမဆို အရေးပေးခံရတယ်။ ဗမာတွေဟာ တခြား တိုင်းရင်းသားတွေကို
ခွဲခြား ဆက်ဆံကြတယ် စသဖြင့် တော်တော်လေး ပြောဆိုကြတာ တွေ့ရတော့ ဗမာ
ဖြစ်ရတာတောင် အားငယ်သလို ခံစားမိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ
နေထိုင်ကြတဲ့ မည်သည့် တိုင်းရင်းသားမဆို မြန်မာ နိုင်ငံသားပါ ပဲ။
အဲဒီလို တစိတ်တသဘောတည်း မထားနိုင်ကြတဲ့အခါ၊ တယောက်နဲ့ တယောက်အကြား
နားလည်မှုတွေ လွဲတဲ့အခါ ပဋိပက္ခတွေ ဖြစ်ပွားရပြီး၊ အဲဒီ ပဋိပက္ခ
အစိုင်အခဲတွေဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာပြန်တော့ မဆုံးနိုင်တဲ့ စစ်ဘေး
သံသရာတွေကို ခံစားကြရပါတယ်။ စစ်ပွဲတွေ ဖြစ်ကြတဲ့အခါ အဲဒီ စစ်ပွဲတွေရဲ့
ဆိုးကျိုးကို ဒေသတခုတည်းက ခံကြရတာ မဟုတ်ဘဲ၊ တနိုင်ငံလုံးက ခံစားကြရတယ်
ဆိုတာကို သတိပြုသင့်ပါတယ်။ တချို့ တိုင်းရင်းသားတွေရဲ့အမြင်မှာလည်း
ကိုယ့်တိုင်းရင်းသား အရေးကိစ္စ ကိုယ်တိုင်ပဲ တွေးပူရ၊ ဖြေရှင်းရနေတယ်လို့
မြင်နေကြတာ ရှိပါတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး
တည်ဆောက်မှု (Peace Building) ဆိုတာကို အားလုံးက တတ်နိုင်တဲ့ဘက်ကနေ
ဝိုင်းဝန်း ကြိုးပမ်း အားထုတ် နေကြတယ်ဆိုတာ မျက်မြင် သက်သေပါ ပဲ။
သူ့အတိုင်း အတာနဲ့သူ ဆောင်ရွက်ကြတဲ့ အချိန်မှာ လူငယ်တွေကလည်း
သူတို့တတ်နိုင်တဲ့ဘက်ကနေ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ပါဝင်အားဖြည့်၊
ကူညီဆောင်ရွက် လာကြတာတွေ တွေ့ရပါတယ်။
ဒီတလ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကဏ္ဍအတွက် လူငယ်တွေ ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့
ငြိမ်းချမ်းရေးဆိုင်ရာ အနုပညာပွဲလေး တခု အကြောင်းကို
ဖော်ပြပေးဖို့ရွေးချယ်ထားပါတယ်။ အဲဒီ ငြိမ်းချမ်းရေး အနုပညာပွဲကို
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြင်သစ် ယဉ်ကျေးမှု ဌာနမှာ မနက် ၁၀ နာရီကနေ ည ၁၁
နာရီ အထိ ကျင်းပခဲ့တာ ပါ။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အထိကတော့ အခမဲ့
ဝင်ရောက်နိုင်တဲ့ အစီအစဉ် ဖြစ်ပြီး၊ ညနေ ၆ နာရီမှာ စတင်ခဲ့တဲ့
တိုင်းရင်းသားရိုးရာ အဆိုအကတွေ၊ နာမည်ကြီး တိုင်းရင်းသား အဆိုတော်တွေ
ဖျော်ဖြေတဲ့ ရန်ပုံငွေပွဲ အစီအစဉ်ကိုတော့ ၀င်ကြေး ၂,၅၀၀ အဖြစ်
သတ်မှတ်ထားပါတယ်။
မနက် ၁၀ နာရီမှာ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး၊ ကချင်ပြည်နယ် WPN (Wunpawng
Nighton) အမည်ရအဖွဲ့က စစ်ဘေး ဒုက္ခသည် စခန်းတွေရဲ့ လက်ရှိ အခြေအနေကို
နာရီဝက်စာ Presentation ပေးပါတယ်။ အဲဒီနောက် ဆရာ မောင်စိမ်းနီ၊ ဆရာ
သစ္စာနီတို့ အပါအ၀င် မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂမှ ကဗျာဆရာများရဲ့
ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကဗျာများနဲ့ ကဗျာရွတ်ပွဲ အစီအစဉ်ကို တနာရီကြာ
တင်ဆက်ခဲ့ပါတယ်။ ကဗျာရွတ်ပွဲ အပြီးမှာတော့ ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့
မြက်ခင်းပြင်မှာ လူငယ်အနုပညာရှင်များ (Performance Artists) ရဲ့
Performance Art တင်ဆက်မှုများနဲ့အတူ တပြိုင်နက်တည်းမှာပဲ Yangon Film
School မှ တိုင်းရင်းသားများအကြောင်း ရိုက်ကူးထားတဲ့မှတ်တမ်း ရုပ်ရှင်
လေးကားတို့ကိုလည်း ပြသခဲ့ပါသေးတယ်။
တနေကုန်ပြသထားတဲ့ Art Ehibition မှာတော့ ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံ၊
ကဗျာနဲ့ Digital Art တို့ကို ပြသ၊ ရောင်းချပေးခဲ့ပါတယ်။ မနက်ပိုင်း
အစီအစဉ်မှာ အ၀တ်အစား၊ အမှတ်တရ လက်ဆောင်ပစ္စည်း၊ ပို့စ်ကဒ်နဲ့
အစားအသောက်တွေကို ရောင်းချပေးတဲ့ ဈေးဆိုင်ခန်းတွေလည်း ပါဝင်ပါတယ်။ ဒီ
အနုပညာပြပွဲ တလျှောက် ပြသ၊ ရောင်းချတဲ့ပစ္စည်း အားလုံးဟာ
ငြိမ်းချမ်းရေးနှင့် ဆက်နွယ်တဲ့အနုပညာ ပစ္စည်းများ ဖြစ်ပါတယ်။
Performance Art များနဲ့ တင်ဆက်လို့အပြီးမှာတော့ ပန်းချီဆရာဆန်းဦးရဲ့
လက်ရာတခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဆေးနဲ့ရေးပြီး၊ နောက်ခံမှာ
Peace ဆိုတဲ့ စကားလုံးများ ရိုက်နှိပ်ထားတဲ့တီရှပ်ကို ကျပ်ငွေ တသိန်း
တသောင်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။ မနက်ပိုင်း အစီအစဉ်ကိုတော့
လူငယ် ကဗျာဆရာ တဦးက ကဗျာရွတ်ဆိုကာ အဆုံးသတ်ခဲ့ပါတယ်။ ညနေ ၆ နာရီမှာတော့
တိုင်းရင်းသား ရိုးရာ အဆိုအကများနဲ့ စတင်ခဲ့ပြီး၊ ဂီတမိတ်ရဲ့ Music
Performance တင်ဆက်မှု၊ DCC ကလေး စောင့်ရှောက်ရေး ဂေဟာမှ ကလေးများရဲ့
ဖျော်ဖြေတင်ဆက်မှုတို့နဲ့အတူ Underground Band နှစ်ခုကလည်း ပါဝင်
တီးခတ်ပေးထားပါတယ်။
မေတ္တာနဲ့ ပါဝင် သီဆို ဖျော်ဖြေပေးကြတဲ့ အဆိုတော်တွေကတော့ ချိုပြုံး၊
ကေဂျာနူး၊ နောနော်၊ ဂျီလတ်၊ အောင်းလာ၊ ချစ်သုဝေနဲ့ စိုင်းအောင်ထီးခမ်းတို့
ဖြစ်ပါတယ်။ ညပိုင်း ဖျော်ဖြေတင်ဆက်မှုများ အပြီးမှာတော့ ပွဲကို လာရောက်
ကြည့်ရှုကြတဲ့ ပရိသတ်များ၊ ပါဝင် ဆောင်ရွက်ခဲ့ကြတဲ့ လူငယ်များနဲ့
အနုပညာရှင်များက မြက်ခင်းပြင်အလယ်မှာ ပြုလုပ်ထားတဲ့ ကျောက်တိုင်မှာ
ပန်းများ ချိတ်ဆွဲကြပြီး၊ နှစ်မိနစ်ခန့် ငြိမ်သက်ကာ ငြိမ်းချမ်းရေးအတွက်
ဆုတောင်းခဲ့ကြပါတယ်။
ဒီ ငြိမ်းချမ်းရေး ဆိုင်ရာ အနုပညာ ပွဲလေးကို ဖြစ်ပေါ်လာအောင် အဓိက ဦးဆောင်
လှုပ်ရှားခဲ့သူတွေကတော့ နောနော်၊ ခင်စန္ဒာညွန့်နဲ့ ဇွန်စီဆိုတဲ့ လူငယ်
သုံးဦးပဲ ဖြစ်ပါတယ်။ ဒီ သုံးယောက်ထဲမှာ ဆိုရင် ဇွန်စီ ဟာ Performance
Artist တယောက် ဖြစ်ပြီး၊ နောနော်ကတော့ Professional Graphic Designer
တယောက် ဖြစ်ပါတယ်။ ခင်စန္ဒာညွန့်ကတော့ Civic Education Trainer တယောက်
ဖြစ်ပါတယ်။ အခုလို အနုပညာကို အခြေခံတဲ့ ငြိမ်းချမ်းရေးပွဲလေး
စတင်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး “ဒီပွဲကို လုပ်ဖြစ်ဖို့ နောနော်ဆီက
အိုင်ဒီယာ ရတာ ပါ။ သူက ကချင်လူမျိုး လေ။ သူက သူတတ်တဲ့ အနုပညာနဲ့ သူ့ဒေသ၊
သူ့လူမျိုးတွေ ဒုက္ခရောက်နေတာကို ကူညီပေးချင်တယ် ပေါ့။ အစတုန်းကတော့ သူက
ပို့စ်ကဒ်လေးတွေ ထုတ်မယ် ရောင်းပေးကြမယ် ပေါ့။ ဒါပေမဲ့လည်း လုပ်မယ့်
လုပ်တော့ ပွဲလေးတခု ဖြစ်အောင် လုပ်မယ်ဆို ပြီးတော့ လုပ်ဖြစ်သွားတာ” လို့
ပွဲစီစဉ်သူတဦး ဖြစ်တဲ့ ခင်စန္ဒာညွန့်က ဆိုပါတယ်။
ဒီပွဲကို ကျင်းပဖြစ်ခဲ့ရတာဟာ စစ်ဘေးသင့် ပြည်သူတွေကို ကိုယ်
တတ်နိုင်တဲ့ဘက်ကနေ အားပေးကူညီ ပေးနိုင်စေဖို့၊ ပြည်သူလူထုကြားမှာ
ငြိမ်းချမ်းရေး တည်ဆောက်မှု (Peace Building) နဲ့ ပတ်သက်တဲ့ အသိပညာတွေ
တိုးလာစေဖို့အပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့
တာဝန်ယူစိတ်ကို ပြသတဲ့ လှုပ်ရှားမှုတခုအဖြစ် ဆောင်ရွက်လိုခြင်းစတဲ့
ရည်ရွယ်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ “စစ်ဘေးသင့် ပြည်သူတွေအတွက်
ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေတဲ့
ငွေကြေးကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်တယ်။
စိတ်ထဲမှာ ဒီပွဲကို လုပ်ဖြစ်သွားအောင် ပံ့ပိုးပေးတဲ့ အဓိက
အကြောင်းအရင်းကတော့ လူထုကြားထဲမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်တဲ့
အသိအား နည်းနေသေးတယ်လို့ မြင်တယ်။ ဒီ အစီအစဉ်ကို လုပ်တော့မယ်ဆိုတော့
အဲဒီဒေသက လူတော်တော်များများနဲ့လည်း စကားပြောဖြစ်တယ်။ စစ်ဘေး
ဒုက္ခသည်စခန်းတွေမှာ လုပ်နေတဲ့သူတွေရော၊ ပွဲ စီစဉ်ဖို့ စလုပ်ပြီ ဆိုကတည်းက
တခြားသူတွေရော လူတော်တော်များများနဲ့ စကားပြောဖြစ်တဲ့အခါကျတော့
လူထုကြားထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အများစု သိထားတာက အရမ်းကို
အားနည်းနေတယ်။ ငြိမ်းချမ်းရေးလက်မှတ်တွေ ထိုးပြီးနေကြပြီ ပဲ။
ငြိမ်းချမ်းနေပြီ မဟုတ်ဘူးလား။ နင်တို့က ဘာလုပ်ဦးမှာလဲ ဆိုပြီး မေးကြတယ်”
လို့ ခင်စန္ဒာညွန့်က သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။
ဟုတ်ပါတယ်။ အခု လက်ရှိ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ် ရေးထိုးကြတာတွေ၊
အပစ်အခတ် ရပ်စဲရေး ဆိုတာတွေဟာ ငြိမ်းချမ်းရေး တည်ဆောက်မှု (Peace Building)
ခရီးရှည် ကြီးရဲ့အစပြုဖြစ်စဉ်၊ ပထမ ခြေလှမ်းပဲ ဖြစ်ပါတယ်။ တခဏတွင်းချင်း၊
အချိန်တို အတွင်းမှာပဲ ပြီးမြောက်သွားနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အဲဒါတွေကို
သိ မထားဘူး။ အသိပညာ အားနည်းသွားရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတဲ့ အချက်နဲ့
ပတ်သက်ပြီး “အဲဒီလို အသိပညာ အားနည်းသွားရင် စိုးရိမ်မိတာက အခု အပစ်အခတ်
ရပ်စဲရေး ကိစ္စတွေပြီးသွားရင် နောက်ပိုင်း Political Dialogue တွေ
လာတော့မယ်။ အဲဒီ အခါကျရင် အစိုးရမူဝါဒပိုင်းအရရော ပြန်လည် ထူထောင်ရေး
လုပ်ငန်း တွေကို စနစ်တကျ လုပ်လာရတော့မယ်။ အဲဒီလို အချိန်မှာ ပြည်သူလူထု
အနေနဲ့ ပါဝင်စောင့်ကြည့်မှု၊ ပံ့ပိုးပေးနိုင်မှု မရှိဘူး။
မီဒီယာပိုင်းကလည်း အားနည်းနေမယ်ဆိုရင် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေပါ
အားနည်း သွားနိုင်တယ်” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
ဒီ ငြိမ်းချမ်းရေး အနုပညာပြပွဲ ဖြစ်ပေါ်လာအောင် သုံးလနီးပါး
အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ စစ်ဘေး ဒုက္ခသည် စခန်းတွေကို သွားရောက်
ကူညီဖို့ ဆုံးဖြတ်ပြီးတဲ့နောက်၊ အဲဒီ စိတ်ဓာတ်ခွန်အားတွေနဲ့အတူ
လူသားအားလုံး ပါဝင် စီးမျောနိုင်တဲ့ အနုပညာကို အခြေခံပြီး ဆောင်ရွက်ဖို့
ရွေးချယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကို စတင် အကောင်အထည် ဖော်ဖို့အတွက်
ပထမဆုံး အနေနဲ့ Facebook မှာ Page တခု ဖွင့်ဖြစ်ခဲ့ပါ တယ်။
အဲဒီ Page ကတဆင့် လက်ရှိ Facebook မှာ Peace Campaign
လုပ်နေတဲ့အဖွဲ့တွေနဲ့ ချိတ် ဆက်မိခဲ့ပြီး၊ စိတ်ပါဝင်စားသူ အလှူရှင်များနဲ့
အကူအညီပေးချင်တဲ့ သူငယ်ချင်းတွေကိုလည်း အသိပေးနိုင်ခဲ့ပါတယ်။ “Facebook မှာ
Peace Campaign လုပ်နေတဲ့အဖွဲ့ လေးဖွဲ့ကသူတို့အတွက် ဆိုင်ခန်း
ခင်းပေးစရာ မလိုဘူး။ နေရာစီစဉ်ပေးရုံပဲ ပေါ့။ ရောင်းလို့ရသမျှ
အမြတ်အားလုံးကို လှူမယ်ဆိုပြီးတော့ ကမ်းလှမ်းလာကြပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အ၀တ်အထည်၊ အိတ်နဲ့လက်ဆောင်ပစ္စည်းတွေ အပြင်
အစားအသောက်တွေလည်း ရောင်းချပေးပါတယ်။ Art Exhibition မှာ ရောင်းချလို့ရတဲ့
အနုပညာပစ္စည်း အားလုံးကိုလည်း အနုပညာရှင်တွေက သူတို့သတ်မှတ်ထားတဲ့
ရာခိုင်နှုန်းအလိုက် လှူဒါန်းပါတယ်။ တချို့ကလည်း ၁၀၀ ရာခိုင်နှုန်း
အကုန်လှူပါတယ်။ ၇၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း အသီးသီး
လှူဒါန်းကြပါတယ်။ စုစုပေါင်း အနုပညာပစ္စည်း ၁၁ ခု ရောင်းရပါတယ်” လို့
မခင်စန္ဒာညွန့်က ပွဲနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။
ငြိမ်းချမ်းရေး အနုပညာ ပြပွဲကို အဓိကဦးဆောင်သူ သုံးယောက်ဟာ
တဦးချင်းစီအနေနဲ့ အတွေ့အကြုံ ရှိပေမဲ့လည်း အဖွဲ့အစည်းတခုအနေနဲ့ မဟုတ်ဘဲ
လူငယ်တွေ ကိုယ်တိုင် ဦးဆောင် လှုပ်ရှားခဲ့ရတာမို့ အခက်အခဲတွေလည်း
ရှိခဲ့ပါတယ်။ “ပွဲ စီစဉ်တာ၊ အဖွဲ့အစည်းတွေနဲ့ လုပ်ကိုင်ရတာ၊
ပရဟိတလုပ်ငန်းတွေ လုပ်တာက တဦးချင်းစီမှာတော့ အတွေ့အကြုံတွေ ရှိပါတယ်။
ဒါပေမဲ့ ဒီလိုပွဲ အမျိုးအစားမျိုး၊ အနုပညာကို အခြေခံထားတဲ့ တနေကုန်
စီစဉ်ရတဲ့ ပွဲကြီးမျိုးကတော့ ပထမဆုံး ပဲ။ စတိတ်ရှိုးလည်း ပါသေးတယ်ဆိုတော့
တီးဝိုင်းတွေ၊ မီး (Lighting) တွေနဲ့ နောက်ပြီး ၀င်ကြေး သတ်မှတ်ရတာစတဲ့
ဂီတဖျော်ဖြေပွဲ တခုကို အရင်က တခါမှ မစီစဉ်ဖူးပါဘူး။ တကယ့်ကို ကြီးမား၊
ကောင်းမွန်တဲ့ အတွေ့အကြုံ တခုကို ရလိုက်တာပါပဲ။ တခြားအနုပညာပွဲတွေထက်စာရင်
ဝင်ကြေး ၂,၅၀၀ ဆိုတာသက်သာတယ် ဆိုပေမဲ့လည်း
Commercial Music Concert တွေလို တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် နာမည်ကြီး
အနုပညာရှင်တွေကို အခြေခံပြီး လုပ်တာလည်း မဟုတ်ဘူး။ ရန်ပုံငွေပွဲလည်း
ဖြစ်တယ်ဆိုတော့ ၀င်ကြေး ၂,၅၀၀ ဆိုတာ များနေသလား ဆိုပြီး ပြန် ကြားရတာတွေ
ရှိပါတယ်။
တကယ်တော့ လက်မှတ် စီစဉ်လိုက်ရတယ်ဆိုတာကလည်း လာ ကူညီပေးတဲ့ သူတွေ၊ မေတ္တာနဲ့
ပါဝင် သီဆိုဖျော်ဖြေပေးသူတွေ၊ တီးခတ် ပေးတဲ့သူတွေကို ကျွေးမွေးဖို့နဲ့
အလှူငွေအတွက်လည်း ရအောင်ဆိုပြီး သတ်မှတ်လိုက် ရတာပါ” လို့ ပွဲနဲ့ပတ်သက်တဲ့
အခက်အခဲတချို့ကို ပြောပြခဲ့ပါတယ်။
ဒီ အနုပညာပြပွဲဟာ ထင်ထားတာထက် ပိုပြီး ကြီးကြီးကျယ်ကျယ်လည်း ဖြစ်သွားတယ်၊
အောင်အောင်မြင်မြင်နဲ့လည်း ပြီးဆုံးသွားခဲ့တယ်၊ လူထုကြားထဲမှာလည်း
အတိုင်းအတာတခုအထိ ပျံ့နှံ့သွားစေခဲ့တယ် ဆိုတဲ့ အချက်တွေကြောင့် လူငယ်တွေရဲ့
ဆန္ဒတွေလည်း ပြည့်ဝနိုင်ခဲ့မှာ သေချာပါတယ်။ အဲဒီ အနုပညာ ပြပွဲ
မတိုင်ခင်ကတော့ တကယ့်ကိုခေါင်းစားခဲ့ကြရမဲ့ အချိန်တွေပါ ပဲ။ ကျွန်မ မကြာခဏ
ပြောလေ့ရှိတဲ့ လူငယ်တွေရဲ့ သဘာဝ တခုဖြစ်တဲ့ ဖြစ်ချင်တာကို ဖြစ်အောင်၊ မရရ
အောင် ကြိုးစား အားထုတ်တတ်တဲ့ သူတို့တွေရဲ့ ဇွဲကြောင့်ပါ ပဲ။
“တကယ်တမ်း ဒီပွဲကို တာဝန်ခံပြီး လုပ်တဲ့သူကတော့ သုံးယောက် ပဲ။ တကယ်တမ်း
လုပ်ဖြစ်တဲ့အခါကျတော့ လူငယ် အယောက် နှစ်ဆယ်ကျော်၊ သုံးရာနီးပါးလောက်က
ပါဝင်ခဲ့ကြပါတယ်။ ၀ိုင်းဝန်း လုပ်ဆောင်ကြတာ ပေါ့။ အခက်အခဲကတော့
လူငယ်တွေချည်းပဲ လုပ်တာလည်း ဖြစ်တယ်။ အဖွဲ့အစည်းအနေနဲ့လည်း မဟုတ်တော့
ငွေကြေးအခက်အခဲ ရှိတယ်။ မတည်ငွေ ဆိုတာလည်း မရှိဘူး။ အလုပ်စပြီး
လုပ်ဖြစ်သွားအောင် ဆိုပြီး၊ အလှူလိုက်ခံဖို့အတွက် ပွဲအကြောင်း ရေးထားတဲ့
Commercial Music Concert တွေ လုပ်တယ်။
ဒီ စာရွက်စာတမ်းတွေအတွက် အရင်ဆုံး နှစ်သောင်းခွဲ၊ သုံးသောင်းလောက်ကို
အားလုံး စိုက်ပြီး အရင်းအနှီး လုပ်ခဲ့တာပေါ့။ လှူတဲ့အခါ တဦးတယောက်ချင်းစီက
လှူတာ ပိုများတယ်။ အားလုံး စုစုပေါင်း လှူဒါန်းကြတာ ၁၅ သိန်း ၁ သောင်း
ရှိပါတယ်။ တကယ်တမ်း ပွဲ ကုန်ကျစရိတ်က သိန်း၂၀ ကျော် ပါတယ်။ ပွဲမတိုင်ခင်
အားလုံး လှူဒါန်းထားတဲ့ အထဲက ပို့စ်ကဒ်လေးတွေ လုပ်ပြီး ရောင်းပါတယ်။
ပွဲလုပ်ပြီး ဈေးရောင်းရတဲ့ ငွေတွေလည်း ရှိတော့ နည်းနည်းတော့ ကာမိပါတယ်”
လို့ ဆိုပါ တယ်။
ငွေကြေး အခက်အခဲကြောင့် တချို့အစီအစဉ်တွေကို စိတ်ရှိတာထက် တတ်နိုင်သမျှ
ချုံ့ပြီး လုပ်ရတာ၊ ဟာကွက်လေးတွေ ရှိခဲ့တယ် ဆိုပေ မဲ့ ဒီပွဲကို
စီစဉ်ပြီးတဲ့ အခါမှာတော့ အတွေ့အကြုံ၊ သင်ခန်းစာ ယူစရာတွေ ရခဲ့ပါတယ်။
“ဟာကွက် တွေ အများကြီး ဖြစ်သွားတာ ရှိပါတယ်။ ဥပမာ - အဆိုတော်တွေ၊ လာရောက်
ကူညီ အားပေးတဲ့သူတွေအတွက် နေရာထိုင်ခင်းက အစ တခြား
ဂုဏ်ပြုလက်ဆောင်လိုမျိုးလည်း ဘာ တခုမှ ပြန် မပေးလိုက်နိုင်ဘူး။
ကျွန်မတို့ရတဲ့ သင်ခန်းစာ တခုကတော့ အစီအစဉ်တွေ လုပ်တဲ့နေရာမှာ
အားနည်းနေပါသေးတယ်။ နောက်ပိုင်းပွဲတွေ စီစဉ်ဖို့အတွက် စိတ်ရဲသွားတာပေါ့။
နောက်ထပ် စီစဉ်တဲ့အခါ ဒီထက်ပိုပြီး အောင်မြင်တဲ့ ပွဲတွေကို
စီစဉ်နိုင်မယ်လို့ ယူဆပါတယ်။ အစပိုင်းမှာ Volunteer ပိုင်း အရမ်း
လိုအပ်တယ်။ နောက်ပိုင်း တကယ်တမ်း လုပ်ဖြစ်တဲ့အခါ တိုင်းရင်းသား
ညီအစ်ကိုမောင်နှမတွေ အားလုံး၊ သူငယ်ချင်းတွေ အားလုံး ကူညီကြပါတယ်”
ဒါကတော့ ပွဲနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို မခင်စန္ဒာညွန့်က ပြောပြခဲ့တာ
ဖြစ်ပါတယ်။
လှူဒါန်းမယ့် စခန်းတွေနဲ့အရေအတွက်တွေကို ကြိုတင် ရွေးချယ်ထားတာမျိုး
မဟုတ်ဘဲ စခန်းတွေမှာ လက်ရှိ လုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပြီး၊
နောက်ဆုံး သိရတဲ့ သတင်းအချက်အလက်တွေအရ ရရှိထားတဲ့ ငွေပမာဏနဲ့ အမှန်တကယ်
ပံ့ပိုးဖို့ လိုအပ်နေတဲ့ စခန်းတွေကို ဆုံးဖြတ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
“လောလောဆယ်မှာတော့ လက်ရှိ ရထားတဲ့ ငွေသားပဲ လှူမယ် လို့ စဉ်းစားထားတယ်။
ကျွန်မတို့ ဒီဘက်ကနေ သွားရောက်လှူဒါန်းနိုင်မယ်ဆိုရင်တော့ ငွေသားအပြင်
နီးစပ်ရာ သူငယ်ချင်း တွေ၊ အဖွဲ့တွေကနေ ပစ်္စည်းတွေပါတစ်ပါတည်း ထည့်ဝင်
လှူဒါန်း ပေးလိုက်ချင်တယ်ဆိုတာတွေလည်း ရှိပါတယ်။
တကယ်လို့အကြောင်းအမျိုးမျိုးကြောင့် ကျွန်မတို့မသွားနိုင်ရင်လည်း အဲဒီဘက်က
အဖွဲ့တွေကို ဖိတ်ခေါ်ပြီး မီဒီယာတွေနဲ့အတူ အလှူငွေကို လွှဲပြောင်း ပေးအပ်မှာ
ဖြစ်ပါတယ်” လို့ လှူဒါန်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတဦးက
ရှင်းပြခဲ့ပါတယ်။
အဓိကအနေနဲ့ဒီ ငြိမ်းချမ်းရေး အနုပညာပွဲကနေတဆင့် တိုင်းရင်းသား ညီအစ်ကို
မောင်နှမတွေကို သိစေချင်တာက “သြော်၊ မနက်ကနေ ညနေအထိ တနေကုန်
ငါတို့ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအတွက် သူတို့စိတ်ထဲ၊
နှလုံးသားထဲမှာထားပြီး လုပ်ပေးနေတာပဲ ဆိုတာကို သူတို့ သိမယ်ဆိုရင်
အားဆေးတခွက် ဖြစ်လိမ့်မယ်လို့ ယုံတယ်။ သူတို့ဆီကို တဆင့် စကားတဆင့်
ကြားပြီး ငါတို့ ကချင်ဒေသမှာ ဖြစ်နေတဲ့ကိစ္စ ငါတို့ တိုင်းရင်းသားတွေကပဲ
အရေးကြီးတယ်လို့ စဉ်းစားတာ မဟုတ်ဘဲ မြန်မာပြည်မှာ နေထိုင်ကြတဲ့ ညီအစ်ကို
မောင်နှမတွေ အားလုံးကလည်း အရေးကြီးတယ်လို့ စဉ်းစားပေးပါလား ဆိုပြီး
အဲဒီလိုမျိုးလေး သိသွားနိုင်လိမ့်မယ် ထင်တယ်။ သိသွားနိုင်ခဲ့မယ် ဆိုရင်တော့
အဖိုးမဖြတ်နိုင်တဲ့ရလဒ်တခု လို့ မြင်စေချင်တာ ဖြစ်ပါတယ်။
ရရှိလာတဲ့ စုစုပေါင်း လှူဒါန်းငွေဟာ အတိုင်းအတာ တခုအထိပဲ ထောက်ပံ့
နိုင်မှာမို့၊ စခန်းတွေ အားလုံးကိုတော့ ထောက်ပံ့ ပေးနိုင်မှာ မဟုတ်ပါဘူး။
ကူညီ ပေးနိုင်သလောက်ကို အကူအညီ ပေးနိုင်မှာကတော့ ၀မ်းသာစရာ ကောင်းပါတယ်။
အဲဒီဒေသက သူတွေကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ
လိုအပ်ချက်တွေ ရှိနေမှာပါ။ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ
လျော့ပါးသွားစေဖို့၊ ကုစားပေးနိုင်ဖို့ အထူးသဖြင့် ကလေးသူငယ်တွေအတွက်
အဲဒီဒေသတွေကိုသွားပြီး ကလေးများနဲ့ အတူနေကာ ပန်းချီဆွဲသင်ပေးခြင်း၊
အနုပညာကို အခြေခံတဲ့ အစီအစဉ်တွေ ပါဝင်တဲ့ခရီးကိုလည်းသွားနိုင်အောင်
စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီ ငြိမ်းချမ်းရေး အနုပညာပြပွဲ ကတော့
ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ လူငယ်တွေအတွက်
လမ်းခင်းပေးလိုက်သလိုပါပဲ။ လူငယ်များရဲ့ ငြိမ်းချမ်းရေး အနုပညာ
ပြပွဲအကြောင်းနဲ့ ပတ်သက်ပြီး Facebook မှာ Save the war victims ဆိုပြီး
ရှာလိုက်ရင် အလွယ်တကူ တွေ့နိုင်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ရှေ့မျိုးဆက်တွေကတည်းက
ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။ နောက် မျိုးဆက်သစ်တွေကလည်း ဆက်လက်
လုပ်ဆောင်သွားရဦးမှာ ပါ။ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေဟာ
မျိုးဆက်တခုတည်းနဲ့ ပြီးဆုံးသွားနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့်လည်း
နောင်အနာဂတ်မှာ လူငယ်တွေ မလွဲမသွေကြုံကြရမယ့် တာဝန်တခု ပါပဲ။ တာဝန်ကြီးသလို
တာဝန်လည်း ရှိပါတယ်။ လူငယ်တွေရဲ့ အားနဲ့ငြိမ်း ချမ်းရေးဆိုင်ရာ ၊
နိုင်ငံ့အရေးအရာ ကိစ္စတွေကို လျစ်လျူရှုမထားဘဲ တာဝန်ယူစိတ်အပြည့်နဲ့
အနုပညာလှုပ်ရှားမှုတခုအဖြစ် ဆောင်ရွက်ကြတာ လေးစားစရာ ကောင်းပါတယ်။
ဖူးငုံတို့လမ်းဟောင်းအတိုင်း မလျှောက်ကြတော့ဘဲ လမ်းသစ်ထွင်ကာ ဘာ အရာမဆို
ကိုယ်နဲ့သက်ဆိုင်တယ်လို့သဘောထားပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံ့အရေးတွေမှာ
အုတ်တချပ် သဲတပွင့် ပါဝင်နိုင်ကြပါ စေ။ ဒီဆောင်းပါးအတွက် ပံ့ပိုးပေးတဲ့
သင်ဇာဦးကို ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment