2012-12-26
012-12-26
လွန်ခဲ့တဲ့ တပတ်လောက်က ကချင်ပြည်နယ် ဆင်ဘိုမြို့ အောင်မင်္ဂလာ
ရပ်ကွက်က နှစ်ယောက်နဲ့ ဧရာဦး ရပ်ကွက်က တစ်ယောက် သူတို့ကို
အမျိုးသမီးတစ်ယောက်က အလုပ်ရှာပေးမယ်ဆိုပြီး တရုတ်နိုင်ငံကို
ခေါ်သွားတဲ့အကြောင်း အဲဒီကလေးတွေရဲ့အရေးကို လိုက်လံဆောင်ရွက်ပေးနေတဲ့
ဆင်ဘိုမြို့ခံတစ်ယောက်က RFA ကို ပြောပြပါတယ်။
"ဆန်းလွင်ဦး ၁၈ နှစ် ဆိုတဲ့ ကောင်လေးတစ်ယောက်ရယ်၊ ကြူကြူမြင့်ဆိုတဲ့ ကောင်မလေး ၁၇ နှစ်ရယ်၊ ကျော်ဝင်းအောင်ဆိုတဲ့ကောင်လေး ၁၈ နှစ်ရယ်၊ ရွှေလီဘက်ကို ခေါ်သွားတာ အဲဒီ ၃ယောက်ကို မိန်းမကြီးတယောက်ကခေါ်သွားတာ၊ လွန်ခဲ့တဲ့ တပတ်လောက် ခုလ ၁၈ ရက်၊ ၁၉ ရက်လောက်က အဲဒီမှာ သူက အလုပ်ကောင်းကောင်းရမယ်လို့ ပြောသွားတာပေါ့ ကောင်မလေးကိုလဲ အဲလိုပဲပေါ့ အဲဒီမှာ အလုပ်ရမယ် သူ့ရဲ့မောင်ဝမ်းကွဲရှိတယ် ဆိုပြီးခေါ်သွားတာ ၁၀ တန်းဖြေပြီးမှ လိုက်သွားကြတာလေ ဟိုကောင်လေးဆို ၁၀တန်းအောင်ပြီ ဆန်းလွင်ဦးဆိုတာ၊ သူက အလုပ်ရှာနေတဲ့အချိန် အလုပ်ရမယ်ဆိုပြီးခေါ်သွားတာ အဲဒါကို မက်ပြီးလိုက်သွားတာပေါ့ သူတို့ပြောတာတော့ ရွှေလီကနေသွားတာ ထိန်ချုန်း အဲဒီရောက်နေတာ"
ရွှေလီမြို့ကိုရောက်တဲ့အခါ မိန်းကလေးတစ်ယောက်တည်းကိုသာ ခေါ်သွားပြီး ယောက်ျားလေး ၂ယောက်ကတော့ ရရာအလုပ်လုပ်ရင်း အခက်အခဲဖြစ်နေတာကြောင့် မိဘတွေကို လာခေါ်ဖို့ ဆက်သွယ်အကြောင်းကြားလာတဲ့အကြောင်း စောစောက အကူအညီပေးသူမြို့ခံက ဆက်လက်ပြောပြပါတယ်။
"ဆန်းလွင်ဦး ဆိုတဲ့ကောင်လေးက တရုတ်ပြည်ထဲကနေပြီးတော့ ဖုန်းရောက်လာတာ ကျနော်တို့ဆီကို ဖြစ်တဲ့နည်းနဲ့လာကြိုပေးပါဆိုလို့ အဲဒါကြောင့် ကျနော်တို့ ခုချက်ခြင်း အဲဒီကိစ္စကိုသိတာ ရောင်းစားတဲ့သဘောသက်ရောက်နေတာ အဲဒီတရုတ်ပြည်ထဲမှာ အခု ထိန်ချုန်းကို လာကြိုခိုင်းတာ မိန်းကလေးကတော့ အခုတရုတ်နဲ့တောင် လက်ထပ်လိုက်ပြီလို့ကြားတယ် အဲဒါသူ့အိမ်ကို တရုတ်ငွေ တစ်သောင်းပို့ပေးခဲ့တယ်တဲ့ အခုပုံစံက သူတို့ကွဲသွားတဲ့ပုံစံမျိုးပဲ ကောင်းလေး ၂ယောက်ကို သံပန်းစက်ရုံမှာလိုလို အဲလိုခိုင်းထားတယ်ပေါ့ သူတို့လဲ တခါမှမလုပ်ဖူးဘူး၊ သူတို့ရဲ့အားနဲ့လဲမနိုင်တော့ သူတို့က မလုပ်နိုင်ဘူးပေါ့"
တယ်လီဖုန်ုးကို တရုတ်ပြည်ရောက်နေတဲ့လူက ခေါ်မှသာရပြီး မိဘတွေက ပြန်ခေါ်တဲ့အခါခေါ်လို့မရဘူးလို့လဲ သူကပြောပါတယ်။
သူတို့ကိုခေါ်သွားတဲ့အမျိုးသမီးက ခေါ်တဲ့အချိန်က လစာငွေအဖြစ် မြန်မာငွေ သောင်းဂဏန်းhလာက် မိဘအိမ်တွေကို ပေးထားခဲ့တယ်လို့လဲသိရပါတယ်။ မိဘတွေက သူတို့ကလေးတွေကို တခြားနိုင်ငံမှာရောက်နေတာကို ဘယ်လိုပြန်ခေါ်ရမှန်းမသိဖြစ်နေပြီး ဘေးကတခြား လူတွေကိုပဲ အကူအညီတောင်းနေတယ်လို့ သိရပါတယ်။
ဆင်ဘိုဒေသဟာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တဲ့ ဒေသတစ်ခုဖြစ်ပြီး စီးပွါးရေးလဲအဆင်မပြေသလို အလုပ်အကိုင်အလဲရှားပါးတာကြောင့် အခုလို လူရောင်းစားတာတွေ မကြာခဏဖြစ်ပွါးနေတယ်လို့ စောစော ကူညီဆောင်ရွက်ပေးသူ ဆင်ဘိုဒေသခံက ပြောပါတယ်။

0 comments:
Post a Comment