Wednesday, December 12, 2012

ဇင်းကျိုက်တွင် အိမ်ခြေတရာကျော် မီးလောင်ပျက်စီး

အိမ်ခြေ ၁၂၄ အိမ် မီးခလောင်ကျွမ်းသည့် ဖြစ်ရပ်တခု မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် ယမန်နေ့ (ဒီဇင်ဘာလ ၂၅ ရက်) ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ဇင်းကျိုက်ရွာ တိုးချဲ့ရပ်ကွက်ရှိ ဦးကျောင်စိန်၏ နေအိမ်မှ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ပြီး ညပိုင်း ၁၁ ကျော်တွင် စတင်လောင်ကျွမ်းသည့် မီးကြောင့် ခန့်မှန်းကာလတန်ဖိုး ကျပ် ၉၃၀ သိန်းကျော် ဆုံးရှုံးကာ လူဦးရေ ၉၉၃ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြောသည်။

မီးလောင်ရာ အနီးရှိ ဇင်းကျိုက်မြို့ ကျက်သရေဆောင် ကန်တော်ကြီး (ဓါတ်ပုံ -http://ourzingyaik.blogspot.com)
“မနက်က ကျမသွားကြည့်ပြီးပြီ။ လောင်တဲ့အိမ်တွေက အိမ်ကောင်းတွေချည်းပဲ။ ဇင်းကျိုက်လေက ကျမတို့ ပေါင်က လေလို မဟုတ်ဘူး။ သိပ်ကြမ်းတယ်။ နောက်တော့ ဆောင်းတွင်းလည်း ဖြစ်ပြန်ဆိုတော့ လွယ်လွယ်နဲ့ မီးကို မငြှိမ်းသတ်နိုင်ဘူး” ဟု အထက်ပါဌာနမှ အမျိုးသမီးက ပြောသည်။

မီးရထားလမ်း အရှေ့ဘက်မှ စတင်လောင်ကျွမ်းသည့် မီးသည် အိမ်ဆယ်လုံးခန့်ကို ကူးစက်ပြီးနောက် လမ်းအနောက်ဘက်သို့ ကူးစက်လောင်ကျွမ်းကာ ရထားလမ်းအနောက်ဘက်ရှိ အိမ်အားလုံးနီးပါး လောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းပြီးနောက် ဇင်းကျိုက်၊ ပေါင်၊ သထုံ၊ မုတ္တမနှင့် မော်လမြိုင်မြို့မှ မီးသတ်ကား ၁၀ စီးကျော် လာရောက်ငြှိမ်းသတ်ရာမှ တနင်္လာနေ့ နံနက် ၃ နာရီကျော်တွင် မီးညွန့်ကျိုးကာ နံနက် ၆ နာရီကျော်တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။

မီးဘေးကြောင့် အိုးအိမ်မဲ့သူများကို ယာယီမီးဘေး ကယ်ဆယ်ရေးစခန်းအဖြစ် ဇင်းကျိုက်ရွာ အမက ရွှေဒင်္ဂါးကျောင်းတွင် ဖွင့်လှစ်ထားကာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ထမင်းထုပ်နှင့် အဝတ်အထည်များ ကူညီပေးနေကြောင်း ဇင်းကျိုက်ရွာသား တဦးက ပြောသည်။

ဇင်းကျိုက်မြို့သည် ရန်ကုန်မှ ၂၅၅ မိုင်၊ မော်လမြိုင်မှ ၂၄ မိုင် ကွာဝေးသည့် မော်လမြိုင်-ရန်ကုန် မီးရထားလမ်းနှင့် အဝေးပြေး မော်တော်ကားလမ်းဘေးတွင် တည်ရှိသည်။ အိမ်ခြေ သုံးထောင်နီးပါးရှိ ဇင်းကျိုက်ရွာကြီးကို ယခင်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှ စ၍ ဇင်းကျိုက်မြို့အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host