Thursday, December 20, 2012

ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရခိုင်ဒုက္ခသည် စခန်းတွေကို သွားရောက်

2012-12-19
ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ဒုက္ခသည်တွေရဲ့ အခြေ အနေတွေကို လေ့လာဖို့ မနေ့က စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Mr. Vijay Nambiar နဲ့ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ဟာ ဒီကနေ့မနက်ပိုင်းမှာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တွေက ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အပြီး စစ်တွေလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်တို့ အပါအဝင် စစ်တွေမြို့က မြို့မိမြို့ဖ ၅ ဦး၊ ကျူးကျော် နေထိုင်သူတွေဖက်က ကိုယ်စားလှယ် ၅ ဦးတို့ နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက RFA ကို အခုလို ပြောပါတယ်။
" Vijay Nambiar ပြောတာက လူ့အခွင့်အရေးအရ နေဖို့၊ ထိုင်ဖို့ ကာကွယ်ပေးရမယ့်တာဝန်ဟာ ကမ္ဘာလူသားတွေမှာ တာဝန်ရှိတယ်၊ ဒါပေမယ့် တိုင်းရင်းသားအခွင့်အရေးကို မစော်ကားမိဖို့ အရေးကြီးတယ်လို့ ပြောတယ်၊ နောက်တစ်ခါ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးတာဟာ ရခိုင်တိုင်းရင်းသားတွေအတွက်ဆိုရင် တော်တော်လေးကို လက်ခံနိုင်စရာအကြောင်း မရှိတဲ့ အတွက်ကြောင့်မို့ တော်တော်လေးကို အပြုအမူအပြောဆိုတွေ ရှောင်ကြည်ကြဖို့ အရေးကြီးတယ်လို့ ပြောတယ်"
လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီးအနေနဲ့လည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ တရား မဝင် ဝင်ရောက်နေထိုင်သူ ရှိ၊ မရှိ စီစစ်ဆောင်ရွက်နေရာမှာ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို အသိအမှတ်ပြုဖို့ တောင်းဆိုပြီး လူစာရင်းကောက်ခံရာမှာ လက်မှတ်ထိုးခြင်းကို ငြင်းဆန်နေတဲ့အတွက် လုပ်ငန်းပိုင်း ဆိုင်ရာမှာ နှောင့်နှေးကြန့်ကြာနေသလို၊ ၁၉၈၂ ဥပဒေအတိုင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးပါဝင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တယ်လို့ ဦးသန်းထွန်းက ဆိုပါတယ်။
Mr. Vijay Nambiar အနေနဲ့ သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နဲ့လည်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host