Tuesday, December 25, 2012

AirBagan လေယာဉ်ပျက်ကျမှု အမျိုးသမီးတစ်ဦး ပျောက်ဆုံး

2012-12-25
ယနေ့မနက် ဒီဇင်ဘာ ၂၅ ရက်နေ့က ရန်ကုန်-မန္တလေး-ဟဲဟိုး မြို့တွေ ကို ပြေးဆွဲပျံသန်းတဲ့ အဲယားပုဂံလေကြောင်းလိုင်း လေယာဉ်အမှတ် (W9-011) လေယာဉ်ဟာ ဟဲဟိုး လေယာဉ်ကွင်း အနီးမှာ ပျက်ကျသွားခဲ့ပါတယ်။
Photo:RFA/Kyaw Myo Htun
ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်က ဟဲဟိုးလေဆိပ်တွင် ပျက်ကျခဲ့သည့် Air Bagan လေယာဉ်၏ အပျက်အစီးများကို တွေ့မြင်ရစဉ်။
ဟဲဟိုးလေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်ရန် ပြင်ဆင်နေချိန်မှာ မြုတွေဆိုင်းနေခြင်းကြောင့် သစ်ပင်ကို အရင်ဝင်တိုက်မိပြီး၊ ဓာတ်တိုင်ကို ဆက်လက် တိုက်မိခဲ့ခြင်းကြောင့် ယင်းဓာတ်တိုင်က ဓာတ်ကြိုးများ ပျက်ကျခဲ့ကြောင်း သိရသည်။
"ဓာတ်တိုင်ကို တိုက်မိတာကြောင့် ဓာတ်တိုင်က ဓာတ်ကြိုးက ဟဲဟိုးကားလမ်းပေါ်ကို သွားနေတဲ့ ဆိုင်ကယ်ပေါ်ကိုပြုတ်ကျတယ်။ဆိုင်ကယ်ပေါ်ပါတဲ့ လူနှစ်ဦးထဲက ယောင်္ကျားတစ်ဦးက ပွဲချင်းပြီး သေတယ်။နောက်တစ်ယောက်ကိုတော့ ဟဲဟိုးဆေးရုံကို ပို့ထားတယ်"ဟု ယင်းနေရာတွင် ရောက်ရှိသတင်းယူနေသည့် RFA သတင်းထောက်က သတင်းပေးပို့ပါတယ်။
Air Baganရဲ့ ထုတ်ပြန်ချက်အရ ယင်းလေယာဉ်တွင် ခရီးသည် ၆၅ယောက်ပါဝင်ပြီး၊လေယာဉ်ပေါ်တွင် လိုက်ပါခဲ့တဲ့ ခရီးသည် ၇ ယောက်နဲ့လေယာဉ်မှုး နှစ်ဦးတို့ကို တောင်ကြီး၊စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
ပျက်ကျတဲ့ လေယာဉ်ပေါ်ကို မန္တလေးမြို့ကနေ လိုက်ပါသွားတဲ့ စပိန်နဲ့အင်္ဂလိပ် ဧည့်လမ်းညွှန် မနွယ်လင်းရှိန် ကတော့ အခုထိပျောက်ဆုံးနေတယ်လို့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ဧည့်လမ်းညွှန်  ဒေါ်ချိုတာကတော့ RFA ကို အခုလို ပြောပါတယ်။
"အခုထိ ကျွန်မသူငယ်ချင်း ဘာဖြစ်တယ်ဆိုတာ မသိသေးဘူး။ပျောက်နေတာပဲသိတယ်။Air Bagan ကို ဖုန်းဆက်မေးတော့လဲ ဘာမှအကြောင်းမပြန်ဘူး။သူ့ရဲ့ဖုန်းကိုဆက်တော့လည်း မနက်ထဲကခေါ်လို့ မရဘူး"လို့ ပြောပါတယ်။
နိုင်ငံပိုင်မီဒီယာတွေကတော့ လေယာဉ်ပျက်ကျမှုမှာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သာသေဆုံးတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါ လေယာဉ်ပျက်ကျတဲ့ နေရာကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ကျန်ရှိနေသေးတဲ့ ဧည့်သည်တွေကို ဟဲဟိုးလေဆိပ်က အထူးဧည့်သည်ဆောင်မှာ လုံခြုံရေး အစောင့်အရှောက်နဲ့ စောင့်ကြပ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကအဲယားပုဂံရဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပူတာအိုလေဆိပ်မှာ ခါးထက်ပိုင်းကျိုးခဲ့ဖူးပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host