Friday, October 26, 2012

မွန်လွှတ်တော်ကိုယ်စားလှယ်က မြေယာသိမ်းခံရမှုကို လွှတ်တော်တွင် တင်ပြ

စစ်တပ်က မတရား သိမ်းဆည်းထားသည့် မွန်လူမျိုးတို့၏ လယ်ယာမြေများကို ပြန်လည်ရရှိရန် ဇူလိုင်လ ၂၃ ရက်နေ့က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ရေးမြို့နယ် မဲဆန္ဒရှင် မိမြင့်သန်းက တင်ပြသွားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မွန်လူမျိုးများ၏ လယ်ယာမြေ စုစုပေါင်း ဧကတသောင်းငါးထောင်ခန့် မတရား အသိမ်းခံရကြောင်း မိမြင့်မြင့်သန်းက လွှတ်တော်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် မြင်တွေ့ရသည့် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္ထ ပုံမှန် အစည်းအဝေး (Photo: Khin Maung Win / AP)
အထူးသဖြင့် အသိမ်းခံရသည့် အဆိုးရွားဆုံး နယ်မြေမှာ သူမ၏ မဲဆန္ဒနယ် ဖြစ်ပြီး၊ သီးသန့် မြေဧက ၂,၀၀၀ ကို စာရင်းဇယားဖြင့် လွှတ်တော်တွင် တင်ပြလိုက်ခြင်း ဖြစ်ကြောင်း ဒေါက်တာဗညားအောင်မိုးက ပြောသည်။

“ကျနော်တို့ သိထားသလောက်ဆိုရင် အသိမ်းခံရတဲ့ မြေက ဧက ၁၅,၀၀၀ (တသောင်းငါထောင်) တောင် မကပါဘူး။ ဒီ့ထက် များသေးတယ်။ ဒါပေမဲ့ စာရင်းဇယား အတိအကျ မရသေးတော့ အကုန်လုံး မတင်ပြနိုင်သေးဘူး” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

ရေးမြို့နယ်တွင် အသိမ်းခံရသည့် မြေအများအပြား ရှိကြောင်း၊ အထူးသဖြင့် ရေးမြို့နယ် တောင်ပိုင်းတွင် အသိမ်းခံရမှု ပိုမိုများပြားပြီး အသိမ်းခံရသူများက လာရောက် တိုင်ကြားခြင်း မရှိသေးသည့်အတွက် မိမိအနေနှင့် စာရင်းဇယား မပြုစုနိုင်သေးကြောင်း မိမြင့်မြင့်သန်းက ပြောသည်။

“ကျမတို့က ကိုယ့်မွန်တွေအတွက် အများကြီး လုပ်ပေးချင်တယ်။ သူတို့ကို ကျမ ပြောတယ်၊ အသိမ်းခံရတဲ့ မြေဧက စုစုပေါင်းရယ်၊ ပြီးတော့ ပိုင်ရှင်နာမည်ရယ်၊ မှတ်ပုံတင် နံပါတ် စုဆောင်းပေးပြီးတော့ ကျမဆီ ပို့ပေးပါ။ ဒါပေမဲ့ တစ်ယောက်မှ ရောက်မလာသေးဘူး” ဟု သူမက ပြောသည်။

နေပြည်တော်တွင် ကျင်းပလျက် ရှိသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် မြေယာကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်က ပထမဆုံး တင်ပြခဲ့ပြီး ဆွေးနွေးရန် လွှတ်တော်က သဘောတူခဲ့သည်။

ပြည်သူ့လွှတ်တော်က အသိမ်းခံရသည့် မြေယာများနှင့် ပတ်သက်ပြီး ၄ ရက်ဆက်တိုက် သဘောတူ ဆွေးနွေးခွင့်ပြုရာ လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးရန် လွှတ်တော်သို့ တင်ပြခဲ့သည်။

ကိုယ်စားလှယ်များက မိမိတို့၏ မဲဆန္ဒနယ်တွင် အသိမ်းခံရသည့် ပြည်သူများ၏ တင်ပြချက်ကို လွှတ်တော်တွင် တင်ပြဆွေးနွေးကြကြောင်း သိရသည်။

“ဒီနေ့ဆိုရင် ၁၅ ယောက် တင်ပြဆွေးနွေးသွားတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကဆိုရင် အယောက် ၂၀ ဆွေးနွေးတယ်။ ဖနက်ဖြန်ဆိုရင် နောက်ဆုံးနေ့ပဲ။ သဘောတူညီချက်တခုတော့ ထွက်လာမယ်။ ကျနော်တို့ အမတ်တွေ တောင်းဆိုတာက အထူးကော်မတီတရပ် လွှတ်တော်က ဖွဲ့ပေးပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေး စေလိုတယ်” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။

စစ်တပ်၏ မြေယာသိမ်းမှုနှင့် ပတ်သက်ပြီး ခြောက်နှစ်အတွင်း ပြုစုထားသည့် မွန်ပြည် လူ့အခွင့်အရေး ဖေါင်ဒေးရှင်း၏ ၂၀၀၃ ခုနှစ် အစီရင်ခံစာတွင် လယ်နှင့် ဥယျာဉ်ခြံရှင် ၃၇၀ ဦး၏ မြေဧကပေါင်း ၇,၇၈၀ ရှိကြောင်း သိရသည်။

၎င်းမြေများသည် မွန်ပြည်သစ်ပါတီ ပထမအကြိမ် အပစ်အခတ် ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ်မှ စပြီး ၂၀၀၀ ခုနှစ်အထိ သိမ်းဆည်းထားသည့် မြေများ ဖြစ်ပြီး ကာလတန်ဖိုး ကျပ်ငွေ သန်း ၁,၃၁၁ ရှိကြောင်း သိရသည်။

မြေယာသိမ်းယူမှုသည် မွန်ပြည်နယ် နေရာအနှံ့တွင် ဖြစ်ပေါ်နေကြောင်းကိုလည်း အစီရင်ခံစာက ထောက်ပြထားပြီး မြန်မာအစိုးရက မိမိတို့၏ စစ်တပ်များ ခြေကုတ် ယူနိုင်ရန်အတွက် အထူးသဖြင့် ရေးမြို့နယ် တောင်ပိုင်းတွင် ပိုမိုသိမ်းယူထားကြောင်း ဖော်ပြထားသည်။

မြေယာအသိမ်းခံသည့် မြေယာပိုင်ရှင် အများစုသည် လျော်ကြေးငွေ မရရှိသည့်ပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းသို့ သွားရောက် ခိုလှုံကြကာ၊ အချို့မှာ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက် လုပ်ကိုင်လျက် ရှိသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host