Saturday, October 26, 2013

သောက်သုံးရေ ရှားပါးမှု စာပေအနုပညာရှင်များကူညီ

မြန်မာပြည်တွင်းက ဒေသတချို့မှာ အပူချိန်မြင့်မားမှုတွေကြောင့် သောက်သုံးရေရှားပါးမှုတွေကို ဒေသခံတွေ ကြုံတွေ့နေရတာကြောင့် စာပေအနုပညာရှင်တွေ ကလည်း လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ရန်ကုန်-မန္တလေး အခြေစိုက် စာပေလောကသားတွေ၊ အနုပညာရှင်တွေနဲ့ စေတနာရှင် အလှူရှင်တွေ စုပေါင်းပြီး သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ရေဖြန့်ဝေပေးနေတဲ့အပြင် ငွေကြေးလှူဒါန်းမှုတွေပါ ပြုလုပ်နေတာပါ။ မန္တလေးနဲ့ စစ်ကိုင်း ဘက်က ကျေးရွာတချို့မှာ ပြုလုပ်ခဲ့တဲ့ လှူဒါန်းမှု အခြေအနေကို မန္တလေးမြို့ခံ စာပေလောကသားတဦးက ပြောပြပါတယ်။
“မန္တလေးက စက်ဘီးစီးအဖွဲ့နဲ့ အလှူရှင်တွေ ပူးပေါင်းပြီးတော့ ၁၃ စည် လှူသွားတယ်။ ၁၃ စည် ဘောက်စာ ၁၃ စီးစာ (ဂါလံ ၁၆၀၀) ကား ငှားရတာပေါ့။ အဲဒီကားနဲ့ တနေ့တည်း လှူတာဆိုပေမယ့် ငွေလှူထားခဲ့တယ်။ ရက်အလိုက် အဲဒီက ဦးဆောင်တဲ့ လူနဲ့ ပုဂ္ဂိုလ်တွေက ရေကို ၀ယ်ဝယ်ပြီး လှူတာပေါ့လေ၊ အဲလိုလုပ်နေတယ်။ အခုဟာက၊ စာစောင်အဖွဲ့လည်း နည်းနည်း ရှားတယ်လို့ ပြောတယ်။ အဲဒီဘက်တော့ မရောက်ဘူး။”
မန္တလေးနဲ့ စစ်ကိုင်းဘက်တွေက ကျေးရွာတွေကို သောက်သုံးရေချို လှူဒါန်းရာမှာ ရေသယ်ကား ရှားပါးမှုတချို့ရှိပြီး ဂါလံ (၁၆၀၀) ဆန့် ကားတစီးကို လောင်စာဆီဖိုး ကျပ်ငွေ နှစ်သောင်းလောက် ကုန်ကျတယ်လို့လည်း ရေအလှူရှင်တချို့က ပြောပါတယ်။ ပြည်သူဏ္ဍဂုဏ်ရည်ဆုရရှိငွေနဲ့ မတည်ပြီး ရန်ကုန်အနီး ပတ်ဝန်းကျင်ဒေသတွေမှာ ရေလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ သရုပ်ဆောင် ကိုကျော်သူက ရေအခက်အခဲဟာ ရေရှည်ဖြေရှင်းရမယ့် ကိစ္စရပ် ဖြစ်တာကြောင့် ရေရှည်စီမံကိန်းနဲ့ လှူဒါန်းဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ရေကတော့ လှူနေတာပေါ့။ ရေကို ရတဲ့နေရာကနေ သယ်ပြီးတော့ ရေမရတဲ့ဒေသကို တဆင့်ပြန်ပြီးတော့ သွားတယ်၊ လှူတယ်၊ အဲလိုလုပ်တယ်။ အဲတော့ ဒီဟာက ရေရှည်လုပ်နေလို့ မဖြစ်တော့ဘူး။ ရေထွက်အောင် ဘယ်လိုလုပ်မလဲ။ ရေတွင်းရေကန် အဲဒါတွေ တူးသင့်ရင် တူးရမယ်။ အုတ်ကန်တွေ ဘာတွေလည်း ဆောက်ပေးမယ်။ ဆောက်ပေးပြီး ရေလှောင်ကန်ပေါ့လေ။ မိုးရွာရင်လည်း မိုးရေလှောင်ထားလို့ ရတယ်။ အဲလို ရေရှည်သုံးလို့ရအောင် ကျနော်တို့က စဉ်းစားပြီးတော့ လုပ်နေတယ်။”
အလားတူ သရုပ်ဆောင်၊ တေးသံရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုတွေနဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ ဇော်ဝင်းထွဋ်တို့လည်း သီခြားလှူဒါန်းမှုတွေ ပြုလုပ်မယ်လို့လည်း အနုပညာ အသိုင်းအ၀ိုင်းက ပြောပါတယ်။ မြန်မာနိုင်ငံဒေသ အသီးသီးက ကျေးရွာတွေမှာ အသုံးပြုနေတဲ့ သောက်ရေကန်တွေကို ပြုပြင်ထိန်းသိမ်းပေးဖို့ လိုအပ်နေပုံကိုလည်း ဆရာဝန်တဦးဖြစ်တဲ့ တေးသံရှင် ဆောင်းဦးလှိုင်က အခုလို အကြံပြုပါတယ်။
“ကျနော်တို့လည်း တချို့နယ်ဒေသတွေ ရောက်ဖူးတော့ ဒီကန်တွေကို ပြန်ဆယ်တာတို့ ကန်တွေဘာတွေ အုတ်ပြန်စီမယ်။ ဒီထဲကရေကို ဒီထက်သန့်ရှင်းအောင် ထိန်းသိမ်းထားနိုင်အောင် လုပ်တာတွေ မတွေ့ရဘူး။ မိရိုးဖလာအတိုင်း လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကအတိုင်း ဒီကန်တွေက ရှိနေတုန်းပဲ။ ဆိုတော့ ရာသီဥတု မဖောက်ပြန်တဲ့အချိန်မှာ ရှေးဟောင်းကန်ကြီးတွေက သုံးလို့ရပေမယ့် ရာသီဥတု နည်းနည်း ဖောက်ပြန်သွားရင် ဒီကောင်ကြီးတွေ ခြောက်သွားတယ်။ ဘာဘဲပြောပြော နည်းပညာနဲ့ ရန်ပုံငွေတွေ ဘာတွေနဲ့ စုစည်းမှု အင်အားနဲ့ ကျနော်တို့က ဒါတွေကို ထိန်းသိမ်းနိုင်အောင် နယ်တွေမှာ လုပ်ရမယ်။ ကျနော်တို့ အနုပညာသမားတွေ တချို့တတ်နိုင်တဲ့ အလှူရှင်တွေကသာလျှင် အဲဒီရေတွင်းတွေကို ဆက်လက်လှူဒါန်းဖို့ လိုအပ်တယ် ဆိုတာလည်း မြင်နေရတဲ့ သဘော ဖြစ်နေတယ်။”
လှူဒါန်းမှုတွေမှာ နိုင်ငံရေးအရ အမြတ်ထုတ်တာ လူပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်တာတွေ ပါဝင်လာနိုင်တဲ့ အပေါ်ကိုလည်း ကိုကျော်သူက
“ဘေးဒုက္ခပေါ့လေ။ အဲဒီဒုက္ခဖြစ်တာအများနဲ့ ဖြစ်တယ်။ အများနဲ့ဖြစ်တော့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း အများအတွက် လုပ်ပေးရမယ့် အဖွဲ့အစည်းကို တိုင်းပြည်မှာ အရေးကြီးတဲ့ အဖွဲ့အစည်း။ အဲတော့ အများအတွက် ဒုက္ခရောက်တဲ့ ကိစ္စမှာ ၀င်ပြီးတော့ ကူညီကြမှာပဲ။ ဒါပေမယ့် စိတ်သန့်သန့်နဲ့ သီလလုံစွာနဲ့ ကိုယ့်လိပ်ပြာကို သန့်ရှင်းစွာနဲ့ ကူညီကြရင် အကောင်းဆုံးပဲ။ ဒီဟာကို အမြတ်ထုတ်မယ့် တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုတဲ့ ဟာမျိုးတွေမလုပ်ဖို့ အရေးကြီးတယ်။ ဒါဘာပဲ။”
မြန်မာနိုင်ငံကို မုတ်သုန်မိုးဝင်ဖို့ တလနီးပါး နောက်ကျခဲ့တာကြောင့် ဒေသအတော်များများမှာ သောက်သုံးရေရှားပါးမှု ကို ဒေသခံပြည်သူတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host