ကမ္ဘာပေါ်မှာ ဘိန်းအများဆုံး
စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးကပါဝင်နေတဲ့
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတိုးပွားလာပေမယ့် ဘိန်းထုတ်မှုကတော့
အရင်နှစ်တွေကထက် ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးအဖွဲ့က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ ဒါပေမယ့်
ဘိန်းဖြူသုံးစွဲမှုနဲ့ မက်တာဖက်တမင်း (ခေါ်) စိတ်ကြွဆေးထုတ်လုပ် သုံးစွဲမှုတွေ
ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဒီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့
ကြေညာချက်မှာ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမြေ ၁၁ ရာ
ခိုင်နှုန်းတိုးတက်လာပြီး ဧက ခုနှစ်သောင်း ရှစ်ထောင်လောက် ရှိလာသလို ဘိန်း
ထုတ်လုပ်မှုမှာဆိုရင်လည်း မတ်ထရစ်တန် ၃၃၀ ရှိပြီး လွန်ခဲ့တဲ့ နှစ်နှစ်က
ထက်စာရင် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
ဒီလိုဘိန်းစိုက်ပျိုးမှု တိုးပွားလာတာဟာ
အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေအတွင်းမှာ
မဟုတ်ဘဲ နအဖစစ် အစိုးရရဲ့ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထဲမှာ ဖြစ်တယ်လို့
ရှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်း က
ပြောကြားလိုက်ပါတယ်။
“၀ တို့၊ ကိုးကန့်တို့ အပစ်အခတ်ရပ်စဲရေး
အဖွဲ့တွေက စိုက်တဲ့ဟာတွေ နည်းသွားပြီးတော့ နအဖတပ်တွေနဲ့ ပြည်သူ့စစ်တွေ
အုပ်စိုးထားတဲ့ နယ်မြေတွေက ပိုစိုက်လာတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။
တွေ့လာတယ်ဆိုတာ နအဖ တပ်မှူးတွေ ကိုယ်တိုင်ကလည်း ခွင့်ပြုတာကို၊
ခင်ဗျားတို့ မစိုက်ရင် ကျနော်တို့လည်း မစားရဘူးဆိုတာ သူတို့လည်း လက်ခံတယ်။
အဲလောက်အထိဖြစ်တယ်။”
ဘိန်းအထွက်နှုန်းနဲ့
ထုတ်လုပ်မှု ကျဆင်းလာတာ ဟာလည်း နအဖစစ်အစိုးရရဲ့ မြန်မာနိုင်ငံအ၀ှမ်း
မူးယစ်ကင်းစင်ရေး ၁၅ နှစ် စီမံကိန်းကြောင့်မဟုတ်ဘဲ
ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တယ်လို့လည်း ဦးခွန်စိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဘိန်းဖြူဈေးတွေကတော့ ပင်နယ်စလင်ဆေးပုလင်းငယ်
တပုလင်းကို ရန်ကုန်မှာ လေးသိန်းဝန်ကျင်၊ မန္တလေးမှာ တသိန်းခွဲဝန်ကျင်၊
ကချင်ပြည်နယ်အတွင်းမှာ ခြောက်သောင်းခွဲဝန်ကျင်လောက် ဈေးနှုန်းတွေ
အသီးသီးရှိနေပြီး နအဖစစ် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သားသမီးတွေ၊
ငွေကြေးချမ်းသာသူတွေလောက်ပဲ သုံးဆွဲနိုင်တဲ့ အခြေအနေမျိုးလို့
ဘိန်းဖြူဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ကချင်ပြည်နယ်အတွင်းက
ဖားကန့်ကျောက်စိမ်းတွင်း ဒေသတွေဖြစ်တဲ့ လုံးခင်း၊ ဆိုင်းတောင်၊ မော်ဝမ်း၊
ကာလီချောင်းစတဲ့ဒေသတွေတော့ ဒေသခံအာပိုင်တွေက လာဘ်ငွေယူပြီး ဘိန်းခန်းတွေကို
တရားဝင်နီးနီး ဖွင့်လှစ်ထားကြတယ် လို့လည်း သိရပါတယ်။ ကချင်ပြည်နယ်အတွင်းက
အခြေအနေကို ဒေသခံတဦး ပြောပြတာက
“တရားဝင်တော့ မဟုတ်ဘူး။
လိုင်းကြေးပေးထားတယ်။ ရဲတွေ စအဖတွေ ရှိတယ်။ စစ်တပ်ရယ်လို့တော့ မဟုတ်ဘူး။
သူတို့က အဓိကတော့ ရဲမှူးကို ပေးရတယ်။ ဗျူဟာမှူးကိုကတော့ ရဲမှူးက
တဆင့်ပြန်သွားတယ်။ ကျုပ်တို့ရွာမှာဆိုရင် ကျောင်းသားတွေတောင်
ဂန်းကိုင်နေကြတယ်။ ဂန်းဆိုတာ ဆေးထိုးအပ်ကို ပြောတာလေ။ ရောင်းတဲ့လူ
များလွန်းလို့ ပိုက်ဆံသိပ်မကုန်ဘူး၊ အဖြူချတော့ တထောင်လောက်နဲ့ရတယ်။
တရက်တထောင် ကတော့ လူတိုင်းနီးပါး မုန့်ဖိုးပေးနိုင်တာချည်းပဲ။ ကျနော်တို့
ဘက်ကတော့ နယ်စပ်နဲ့နီးတော့ အ၀င်များလို့ ဖြစ်လာကြတာ။”
ဒီလိုဘိန်းထွက်နှုန်း
အနည်းငယ် လျော့ကျ လာပေမယ့်လည်း ဈေးကွက်တွင်း သိသာတဲ့ အကျိုးဆက်
ဖြစ်မလာဘဲ မက်တာဖက်တမင်း စိတ်ကြွးဆေးပြား ထုတ်လုပ်သုံးစွဲမှုအပိုင်းမှာ
ပိုများလာတယ်လို့လည်း ဦးခွန်စိုင်းက ပြောပါတယ်။
“အထွက်နှုန်းနည်းသွားတာတို့ ဘာတို့က
အဖက်သိပ်မရှိဘူး။ နောက်အ ကျိုးသက်ရောက်မှု သိပ်မရှိဘူး။ အခု ရာဘတို့
ဘာတို့က ဘိန်းနဲ့ ဘာမှမပတ်သက်ပဲ။ ဒါက ဓာတုဆေးဝါးတွေ၊ အဲတော့ ဒီဥစ္စာတွေက
အမြဲတမ်း တိုးတက်နေတာ။”
ရာမခေါ် အဖက်တမင်း စိတ်ကြွဆေးပြားတွေရဲ့
ပေါက်ဈေးတွေကတော့ ကချင်ပြည်နယ် ဖားကန့်မှာ တပြားကို ကျပ် ၇,၀၀၀ ၀န်းကျင်၊
ရန်ကုန်မှာတော့ ကျပ် ၄,၅၀၀ ၀န်းကျင်နဲ့ ထိုင်း-မြန်မာ နယ်စပ်မှာတော့ ဘတ်
၅၀၊ မြန်မာငွေ ၁,၅၀၀ ကျပ် ၀န်းကျင်လောက် ပေါက်ဈေး ရှိနေပါတယ်။
ထိုင်း-မြန်မာနယ် သောင်ရင်းမြစ်ကမ်းက မူးယစ်ဆေးဝါး အရောင်းအ၀ယ်
ဈေးကွက်ကို ဒေသခံတဦး ပြောပြတာကတော့
“ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေပဲလား။
ဘယ်လိုအဖွဲ့တွေလည်း မသိဘူး။ ၀ အဖွဲ့၊ အဖွဲ့စုံရှိတာကိုး။ ဘယ်နေရာမှာ
အတည်ပြု ဘယ်နေရာမှာလုပ်ပြီး ဒီဘက်ကို လာကြလည်း မသိဘူး။ ဒီကမ်းနားမှာ
ရောင်းတာတော့ သုံးလုံး တရာ၊ လေးလုံးတရာ၊ နှစ်လုံး တရာရှိတယ်၊
သူ့အစားစားပဲ၊ မြန်မာပြည်ဘက်က ၀င်တာပဲ။ တချို့ဆိုရင် ရေလယ်ကျွန်းတို့
ဘာတို့မှာ အမှုန့်ယူလာပြီးတော့ ပုံစံခွက်နဲ့ နေလှန်းပြီးတော့ အဲဒီဟာတွေပဲ
ပြန်ထုတ်တာပေါ့။”
မြန်မာနိုင်ငံအတွင်းမှာ
မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းက တရားဝင် ဆေးဖြတ်စခန်းတချို့ကို
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ နယ်စပ်ဒေသတွေနဲ့ မန္တလေး၊
ရန်ကုန်အပါအ၀င် နေရာ ၇ နေရာမှာ ဖွင့်လှစ်ပေးထားပြီး မူးယစ်ဆေးဝါဖျက်ပြီး
ဘ၀ပြန်လည်ထူထောင်ရေး အတွက် သင်တန်းပို့ချပေးမှု တချို့ရှိနေပါတယ်။
မူးယစ်ဆေးသုံးစွဲတဲ့အထဲမှ အမျိုးသမီးတွေလည်း ပါဝင်လာပြီး
မူးယစ်ဆေးဝါးနဲ့အတူ လူမှောင်ခိုကူးမှု၊ ပြည့်တန်ဆာအလုပ်တွေပါ
များပြားလာတယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက်
မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဝင်တဦးက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့
ပတ်သက်ပြီး ရှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်
ဦးခွန်စိုင်းက အခုလို သုံးသပ် ပြောကြားသွားပါတယ်။
“ဒီဥစ္စာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
နောက်ပြီးတော့ မတရားခိုင်းစေမှုတွေ၊ လယ်ယာမြေသိမ်းမှုတွေ၊ အတင်းအဓမ္မ
အခွန်ကောက်မှုတွေ၊ အဲဒါတွေနဲ့ အကုန်လုံးခွဲပြောမှ သူကပိုပြီးတော့
မြင်လာမှာကို တွေ့ရပါတယ်။ စတာကတော့ ပြည်တွင်းကိစ္စထဲကပေါ့။ အဲဒီထဲက
တဖြည်းဖြည်း များလာတယ်။ နအဖ ခေတ်ကျတော့ ပိုများလာတယ်။”
UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးအဖွဲ့ရဲ့ အဆိုအရ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု
အများဆုံးနိုင်ငံတွေကတော့ အရင်နှစ်တွေကအတိုင်း အာဖဂန်နစ္စတန်နဲ့
မြန်မာနိုင်ငံတွေက ထိပ်ဆုံးက ရှိနေဆဲ ဖြစ်ပါတယ်။
12:27 PM
Kawzarblogger.sport.co
Posted in: 














0 comments:
Post a Comment