TEXT SIZE
Last updated at: 30.07.2013 10:32
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ
ကောက်ရိုး (straw) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ the last
straw, grasping at straw နဲ့ draw straws တို့ကို တင်ပြထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက the last straw ဖြစ်ပါတယ်။ the last က နောက်ဆုံး straw က ကောက်ရိုး ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က နောက်ဆုံး ကောက်ရိုးအမျှင် ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ the straw that broke the camel's back ဆိုတဲ့ ဆိုရိုးစကားကလို့ ဆိုပါတယ်။
ဒီဆိုရိုးမှာ camel က အရှေ့ အလယ်ပိုင်း ပူပြင်းတဲ့ ကန္တာရဒေသတွေမှာ ခရီးသွားဖို့၊ ပစ္စည်းသယ်ဖို့ အသုံးပြုတဲ့ ကုလားအုပ်တွေအနေနဲ့ ကောက်ရိုးသယ်ရာမှာ ကောက်ရိုးတပင်ထပ်ပြီး သယ်ခိုင်းလို့ အဲဒီတပင်ကြောင့် ခါးရိုးကျိုးရတယ်လို့ တင်စားပြောထားတဲ့အဆို ဖြစ်ပါတယ်။ တကယ်ဆို ကောက်ရိုးအစီးတွေ တင်ထားတဲ့ ကုလားအုပ်အနေနဲ့ ကောက်ရိုးတပင် ထပ်သယ်လို့ ခါးရိုးကျိုးရလောက်အောင် အဖြစ်မျိုး မရောက်နိုင်ပေမယ့်လို့လည်း နေ့စဉ်လူတွေရဲ့  ဘဝမှာတော့ သည်းခံရတာတွေ များလွန်းလို့ ဘာမဟုတ်တဲ့ အကြောင်းရာလေးတခုကြောင့် ဒေါသအိုးပေါက်ကွဲ စေတာမျိုး၊ မိတ်ပျက်စေတာမျိုးကို ဆိုလိုပါတယ်။
ဒါကြောင့် the last straw ဆိုတဲ့ စကားရဲ့  သွယ်ဝိုက်အီဒီယံအဓိပ္ပါယ်က ခံရပါများတော့ ဘာမဟုတ်တဲ့ အကြောင်းအရာလေးကြောင့် လူတဦးကို ပေါက်ကွဲစေတာ၊ ရန်ဖြစ်စေတာ၊ ဒေါသထွက်စေတာ၊ မိတ်ပျက်စေတာ၊ စိတ်ကုန်စေတာမျိုးကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
It’s the last straw for me to see my brother spent on a brand new car. He hasn’t given me back money he borrowed from me.
ကျနော့်ညီက ကားသစ်ကြီး ဝယ်စီးတာတွေ့တော့ ကျနော် ဒေါသအိုးပေါက်ကွဲတော့တာပဲ။ သူက ကျနော့်ဆီက ချေးထားတဲ့ ငွေတောင် ပြန်မပေးသေးဘူးလေ။
ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းက grasping at straw ဖြစ်ပါတယ်။ Grasping က လက်နဲ့ဆွဲနေသည်၊ လှမ်းကိုင်ဖို့ ကြိုးစားသည်၊ at က နေရာကို ရည်ညွှန်းတာ။ Straws က ကောက်ရိုးမျှင်တွေ ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကောက်ရိုးမျှင်တွေကို လှမ်းပြီးဆွဲဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကောက်ရိုးတွေကို လှမ်းဆွဲခြင်းအားဖြင့် အခြေအနေတခုဟာ ဘာမှ ထူးလာမှာမဟုတ်ပါဘူး။ ဥပမာ ရေနစ်လို့ ကောက်ရိုးတွေ လှမ်းဆွဲရင် ကိုယ့်ကိုယ်ကို ကယ်နိုင်မှာ မဟုတ်ပေမယ့်လို့လည်း ဒီနေရာမှာ ကောက်ရိုးတွေလိုပဲ နေ့စဉ်ဘဝမှာ နောက်ဆုံးမျှော်လင့်ချက်နဲ့ ရနိုင်တာတွေ၊ ဖြစ်နိုင်တာတွေကို ရလိုရငြား အားကိုးနဲ့ ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ ကြံရာမရ လုပ်မိလုပ်ရာ မျှော်လင့်ချက်ကလေးနဲ့ ရလေမလားဆိုပြီးတော့ ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။

My sister tried to save her marriage by grasping at straw. But, it didn’t work and her husband left her.
ကျနော့်ညီမက သူ့အိမ်ထောင်ရေးကို အဖက်ဆယ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြံမိကြံရာ၊ ရလိုရငြား ကြိုးစားကြည့်သေးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ သူ့ခင်ပွန်းကို သူကို ပစ်သွားလေတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ draw straws ဖြစ်ပါတယ်။ Draw က ဒီနေရာမှာ ဆွဲတာ၊ Straws က ကောက်ရိုးတွေဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကောက်ရိုးတွေကို ဆွဲတာ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ ရှေ့ တုန်းကဖြစ်ပါတယ်။ မဲနှိုက်မယ်ဖြစ်ဖြစ်၊ ကံစမ်းမယ်ဖြစ်ဖြစ် တုတ်တွေလိုပဲ အတိုအရှည်တွေရှိတဲ့ ကောက်ရိုးမျှင်တွေကိုစုပြီး အပေါ်ကနေ ဆွဲခိုင်းရာမှာ ဆွဲတဲ့လူက အရှည်ရရင် အနိုင်ရမယ်၊ အတိုရရင် ရှုံးမယ် စသဖြင့် ကြိုတင်သဘောတူထားတဲ့ ဓလေ့ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီအသုံးကို နောက်ပိုင်းမှာတော့ မဲနှိုက်ရမှာဖြစ်ဖြစ်၊ ကံစမ်းရာမှာဖြစ်ဖြစ် draw straws လို့ ရည်ညွှန်းသုံးလာပါတယ်။ တကယ့်တကယ်တော့ မဲနှိုက်ရာမှာ ကောက်ရိုးတွေကို အသုံးပြုမှာ မဟုတ်ပါဘူး။ အခုခေတ်မှာတော့ စက္ကူပေါ်မှာရေး မဲလိပ်လေးတွေလုပ်ပြီးတော့ မဲနှိုက်လေ့ရှိကြတာကတော့ အလွယ်ဆုံးလို့ ဆိုရပါမယ်။ ဒါကြောင့်မို့ draw straws ရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ မဲနှိုက်တာ၊ ကံစမ်းတာ၊ မဲဆွဲတာကို ဆိုလိုပါတယ်။

Let’s draw straws to decide who will take the night duty for next week.
နောက်သတင်းပတ် ည့တာဝန်ဝတ္တရားအတွက် ဆုံးဖြတ်ဖို့ မဲနှိုက်ကြရအောင်။

0 comments:
Post a Comment