ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၉ မိနစ်
ပြည်ခရိုင် လွှစင်ကျေးရွာအုပ်စု ဆီဆုံကုန်းကျေးရွာ မြောက်န၀င်းဆည်သို့သွားရာ လမ်းဘေးဝဲယာရှိ နေအိမ်
များနှင့် စိုက်ပျိုးမြေများကို ဖယ်ရှားပေးရန် ညွှန်ကြားထားပြီးဖြစ်ရာ ဒေသခံတို့ကလည်း ဖယ်ရှားလိုခြင်း မရှိသည့်အတွက် ပြန်လည်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြည်ခရိုင် ဆည်မြောင်းဦးစီးအရာရှိ ဦးတင်စိုးက
ပြောသည်။
စက်တင်ဘာလ ၄ ရက်လွှစင်ကုန်းကျေးရွာအုပ်စု ဆီဆုံကုန်းကျေးရွာ မဟာဗောဓိကျောင်းတိုက် သာသနာ့ ရိပ်သာတွင် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် အာဏာပိုင်၊ ရပ်မိရပ်ဖ၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ဆက်လက်ညှိနှိုင်းသွားမည်ဟု ဦးတင်စိုးက ပြောဆိုခြင်းဖြစ်သည်။
“ဥပဒေအရ ဖယ်ခိုင်းတာပါ။ ဆည်ကျိုးမှာစိုးလို့ မဟုတ်ပါဘူး။ တာဝန်အရ ဖယ်ခိုင်းတာပါ။ ကျွန်တော့် သဘော မပါ ပါဘူး။ အားလုံးညှိနှိုင်းပြီး သင့်တဲ့ဟာကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်။ အဖွဲ့ အစည်း အသီးသီးက လူကြီးတွေ တိုင်ပင်ထားတဲ့အတိုင်းလုပ်မယ်” ဟုပြောသည်။
ဒေသခံများနှင့် ဆည်မြောင်းဌာနတို့ ညှိနှိုင်းမှုတွင် ဆည်မြောင်းဦးစီးဌာနဘက်က လမ်းဘေးဝဲယာရှိ နေအိမ်
များကို ၁၈ ပေဆုတ်ပေးရန် တောင်းဆိုခဲ့ပြီး ဒေသခံများကမူ ရှစ်ပေဆုတ်ပေးရန် အသနားခံ တင်ပြခဲ့သည်။
ဒေသခံတို့၏ တောင်းဆိုမှုကို ချက်ချင်းဆုံးဖြတ်နိုင်ခြင်းမရှိသေးဘဲ ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်မည်ဟု လည်း ပြည်ခရိုင် အုပ်ချုပ်ရေးမှူးဦးအံ့မော်က မဇ္ဈိမကိုပြောသည်။ “ချက်ချင်းဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ရှစ်ပေ ဆုတ်ပေးမယ်ပြောတယ်။ ဌာနဆိုင်ရာတွေနဲ့ ပြန်တိုင်ပင် လိုက်ဦးမယ်” ဟု ပြောသည်။
ဖယ်ရှားခံရမည့် နေအိမ်အများစုမှာ ပြည်မြို့နယ် လွှစင်ကုန်းအုပ်စု ဆီဆုံကုန်းကျေးရွာမှဖြစ်ပြီး နေအိမ် ၇၅ လုံး ပါဝင်သည်။ အဆိုပါနေအိမ်များကို ဧပြီလ ၂၅ ရက်၊ သြဂုတ်လ ၈ ရက်၊ သြဂုတ်လ ၂၂ ရက်နေ့တို့တွင် ဆည်မြောင်းဌာနမှ ဖယ်ရှားပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး ဖြစ်သည်။

0 comments:
Post a Comment