Thursday, September 5, 2013

ဆယ်တန်းကျောင်းသား သေဆုံးမှုအတွက် စွပ်စွဲခံရသည့်ရဲကို တရားရုံးကအမိန့်ချတော့မည်

ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၄၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အသက် ၁၅ နှစ်အရွယ် ဒသမတန်းကျောင်းသားတစ်ဦး သေဆုံးမှုအတွက် တရားစွဲခံထားရသည့် ရဲ
ဒု-တပ်ကြပ် သဲမောင်မောင်၏ အမှုကို လာမည့်စက်တင်ဘာ ၁၀ ရက်တွင် ရွှေတောင်မြို့နယ်တရားရုံးက အမိန့် ချတော့မည်ဟု အဆိုပါတရားရုံးမှ စုံစမ်းရရှိသည်။

သာမန်အတိုင်းဆိုလျှင် စက်တင်ဘာ ၃ ရက်က ထိုအမှုကိုအမိန့်ချမှတ်ရမည်ဖြစ်သော်လည်း ဒု-တပ်ကြပ် သဲမောင်မောင်သည် နှလုံးသွေးကြောကျဉ်းရောဂါရှိနေကြောင်း ဆရာဝန်ကထောက်ခံသဖြင့် တရားသူကြီးက ခွင့်ပေးခဲ့ကြောင်းလည်း စုံစမ်းရရှိသည်။

အမှု၏တရားလိုဖြစ်သည့် သေဆုံးသူကျောင်းသား၏ ဖခင်ဦးအေးဟုန်ကမူ ဒု- တပ်ကြပ်က ထိုသို့တရားရုံးကို ခွင့်တိုင်ကြားခြင်းသည် အချိန်ဆွဲနေခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။ သို့သော် သူက “တရားသူ ကြီးကတော့ ဒါနောက်ဆုံးအကြိမ်လို့ ပြောတယ်” ဟုလည်းရှင်းပြသည်။

ယခုတရားစွဲဆိုထားသော အမှုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ဇန်န၀ါရီ ၃ ရက်က ပြည်မြို့၊ စည်တော်မင်္ဂလာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားတစ်ဦး သေဆုံးပြီး၊ ကျန်လူငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာ ရသွားသည့်ကိစ္စဖြစ်သည်။

သေဆုံးသူ မောင်ကောင်းဆက်ပိုင်နှင့် ဒဏ်ရာရရှိသွားသူ ကိုဇော်လင်းဦးတို့သည် ထိုနေ့က ဆိုင်ကယ်စီးနင်း သွားလာနေစဉ် ဒု-တပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့်လိုက်လာပြီး နောက်မှထိုင်စီးသူ ကိုဇော်လင်းဦး ကို ဆွဲချခဲ့သလို၊ ဆိုင်ကယ်မောင်းနေသူ မောင်ကောင်းဆက်ပိုင်ကိုလည်း ခြေထောက်ဖြင့် ကန်လိုက်သည်ဟု တရားလိုဘက်က တရားရုံးတွင် စွပ်စွဲထွက်ဆိုထားသည်။

ထို့ကြောင့် ကိုဇော်လင်းဦးမှာ ဆိုင်ကယ်ပေါ်မှပြုတ်ကြကာ ဒဏ်ရာအပြင်းအထန်ရခဲ့သလို၊
မောင်ကောင်းဆက်ပိုင် သည်လည်း ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လဲကျသွားကာ ဓာတ်တိုင်၊ အုတ်ခုံတို့နှင့်
ဆောင့်မိခဲ့ရာ ပြည်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ်လမ်းတွင်ပင် သေဆုံးခဲ့ရသည်ဟုလည်း တရားလိုဘက်က ဆိုထားသည်။

ဒု-တပ်ကြပ် သဲမောင်မောင်ကမူ ခိုက်ရန်ဖြစ်ပွားမှုတစ်ခုတွင် မျက်မြင်သက်သေဖြစ်သော
မောင်ကောင်းဆက်ပိုင် ကို ရဲစခန်း၌သက်သေထွက်ဆိုရန် လိုက်လံရှာဖွေစဉ် လှမ်းတွေ့လိုက်သဖြင့် နောက်မှ လိုက်လံ တားဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သူဆိုင်ကယ်နှင့် နောက်မှလိုက်ခဲ့သည်မှာ မှန်ကန်သော်လည်း ၎င်း ဆိုင်ကယ် အနီးသို့ အရောက်တွင် မောင်ကောင်းဆက်ပိုင်တို့စီးလာသည့် ဆိုင်ကယ်မှာ တိမ်းမှောက်ပြီ
ဖြစ်ကြောင်း၊ ဆိုင်ကယ်မှောက်သည်မှာလည်း အနီးရှိသစ်ပင်နှင့်ချိတ်မိ၍ မှောက်ခြင်းဖြစ်နိုင်ကြောင်း တရားရုံးတွင် ခုခံချေပထားသည်။

မောင်ကောင်းဆက်ပိုင် သေဆုံးမှုနှင့် ပတ်သက်၍ မှုခင်းဆရာဝန် ဒေါက်တာ သန်းဝင်းက စစ်ဆေးခဲ့ရာ ဦးခေါင်းခွံနှင့် နံရိုးများကျိုးပဲ့ပြီး ဦးနှောက်အတွင်း သွေး ထွက်လွန်ကာ သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံး သူသည် အရက်သေစာ သောက်စားထား ခြင်းမရှိကြောင်း မှုခင်းမှတ်တမ်းတွင် မှတ်ချက်ပြုထားသည်။ ကိုဇော်လင်းဦးသည်လည်း အဆုတ်ပေါက်ထွက်ပြီး အဆုတ်အတွင်းသို့ သွေးများ ၀င်ရောက်သဖြင့် ပြည်
ဆေးရုံကြီး တွင် ခွဲစိတ်ကုသခဲ့ရသည်ဟု တရားလိုဘက်မှပြောသည်။

ထိုအမှုကို ပြည်မြို့ရှိ မြို့မရဲစခန်းသို့ တိုင်ကြားသော်လည်း အမှုဖွင့်မပေးသဖြင့် ခရိုင်ရဲမှူးနှင့် တိုင်းရဲမှူးတို့ထံ တိုင်စာရေး သားပေးပို့ခဲ့ကာ မြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ရကြောင်း ဦးအေးဟုန်က ပြောသည်။

သေဆုံးသူ၏မိခင် ဒေါ်ကြည်ကြည်မြင့်ကလည်း “စခန်းမှာ အမှုသွားဖွင့်တော့လည်း လက်မခံခဲ့ဘူး။ ခရိုင် ဥပဒေရုံးကို ဦးတိုက်လျှောက်တော့ ခရိုင်ရဲမှူးက အမှုဖွင့်ပေးလိမ့်မယ်ဆိုပြီး တစ်ပတ်စောင့်ခိုင်းတယ်” ဟု ထိုစဉ်က ကြုံတွေ့ခဲ့သည်ကို ပြန်ပြောပြသည်။

ထိုအမှုသည် ရုံးချိန်းပေါင်း ၆၀ ကြိမ်ခန့် တရားရင်ဆိုင်ခဲ့ရပြီး အချိန်နှစ်နှစ်နီးပါးပင် ကြာမြင်ခဲ့ကြောင်း တရားလိုများက ဆိုသည်။

စွပ်စွဲခံထားရသူ ဒု-တပ်ကြပ်သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) ပေါ့လျော့မှုကြောင့် လူသေမှု၊ ပုဒ်မ ၃၃၈ အပြင်းအထန် နာကျင်စေမှုတို့ဖြင့် တရားစွဲခံထားရခြင်းဖြစ်ပြီး သူသည် ရဲလုပ်သက် ၁၂ နှစ်
ကျော်ရှိပြီဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host