Thursday, October 25, 2012

မွန် ပါတီများ မြို့နယ်ရုံး အသီးသီး ဖွင့်

ယခုရက်ပိုင်းအတွင်း မွန်နိုင်ငံရေးပါတီ နှစ်ခု ဖြစ်သည့် မွန်ဒီမိုကရေစီပါတီ (MDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့က မွန်ပြည်နယ်ရှိ မြို့နယ်များတွင် မြို့နယ်ရုံးများ အသီးသီး ဖွင့်လှစ်ခဲ့ကြောင်း ပါတီဝင်များ၏ ပြောဆိုချက်အရ သိရသည်။

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ရေးမြို့နယ် ရုံးဖွင့်ပွဲ အခမ်းအနား (စက်တင်ဘာလ ၁၆ ရက်နေ့၊ ၂၀၁၂ ခုနှစ်) (ဓါတ်ပုံ - ရေးရနံ့)
၂၀၁၀ ရွေးကောက်ပွဲဝင် AMDP က စက်တင်ဘာလ ၁၆ ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် MDP က စက်တင်ဘာလ ၁၈ ရက်နေ့တွင် သထုံမြို့၌ ၎င်းတို့၏ မြို့နယ်ရုံးများ အသီးသီး ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

AMDP ၏ ရေးမြို့နယ် ရုံးကို ရေးမြို့ သီရိခေမာရပ်ကွက် ဖာလဇေတဝန်ကျောင်းရှေ့ (ယခင် ဆောက်လုပ်ရေး ဝန်ထမ်း အိပ်ရာဝင်း) တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လ၀ီအောင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

“အရင်က ကိုယ်ပိုင်ရုံး မရှိတော့ အမိမဲ့သားလို့ ဖြစ်နေတယ်။ ရုံးမရှိတော့ ဘယ်ကိုသွားရ ဘယ်ကိုလာရမှန်း မသိ။ အခုလို ရုံးဖွင့်လိုက်နိုင်ပြီ ဆိုတော့ ပိုပြီး အဆင်ပြေသွားတာပေါ့။ အစည်းအဝေးလည်း လုပ်နိုင်ပြီ” ဟု AMDP မှ ရေးမြို့နယ် သီရိခေမာရပ်ကွက် စည်းရုံးရေး တာဝန်ခံ ကိုနန်းရွှေ က ပြောသည်။

အလားတူ MDP  ၏ သထုံမြို့နယ် ရုံးကို ပေါ်တော်မူကျေးရွာ၊ မင်းလမ်းမကြီး အမှတ် (၁၈၁) တွင် ဖွင့်လှစ်ခဲ့ပြီး ပါတီ ဥက္ကဌ နိုင်ငွေသိမ်း၊ ဒု-ဥက္ကဌ နိုင်သက်လွင်တို့ ဦးဆောင် ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။

မွန်ဒီမိုကရေစီပါတီ သထုံမြို့နယ် ရုံးဖွင့်ပွဲ အခမ်းအနား (စက်တင်ဘာလ ၁၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်) (ဓါတ်ပုံ - ကောင်းဝါ)
ယခု ဖွင့်လှစ်လိုက်သည့်ရုံးသည် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် သထုံဒေသ၌ ပထမဆုံး ဖွင့်လှစ်လိုက်သည့် မွန်နိုင်ငံရေးပါတီရုံးလည်း ဖြစ်သည်။

“သထုံမှာ ရှိတဲ့ မွန်တွေကလည်း တောင်းဆိုတယ်။ ကျနော်တို့ကလည်း ပြန့်ကျဲနေတဲ့ သထုံဒေသက မွန်တွေကို ပြန်ပြီး စုစည်းဖို့နဲ့ မွန်နိုင်ငံရေးမှာ ပါဝင်လာအောင် ဆိုပြီး ဒီသထုံမြို့နယ်ရုံးကို ဖွင့်ခြင်း ဖြစ်တယ်” ဟု MDP ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့် က ပြောသည်။

သထုံမြို့သည် သမိုင်းဝင် ရှေးဟောင်းမြို့တမြို့ ဖြစ်ပြီး မွန်လူမျိုးများ အမြတ်တနိုး တန်ဖိုးထားသည့် မြို့ဖြစ်သည်။ သို့သော်လည်း သထုံမြို့နယ်တွင် မွန်လူမျိုး အနည်းစုသာ နေထိုင်ကြပြီး မွန်ရွာ ၆ ရွာ၊ ၇ ရွာခန့်သာ ရှိတော့ကြောင်း နိုင်စိုးမြင့် က ပြောသည်။

လက်ရှိတွင် မွန်တိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေး ပါတီနှစ်ခု ရှိပြီး၊ မွန်ပြည်သူများကြား ဝိဝါဒ ကွဲပြားခြင်း မရှိရန်အတွက် ၂၀၁၄ ခုနှစ် မတိုင်မီ ပူးပေါင်းရန် ဧပြီလက သံဃာတော်များနှင့် မွန်ပြည်သူများ ရှေ့မှောက်တွင် နှစ်ဦးနှစ်ဘက် သဘောတူခဲ့ကြသည်။

ပါတီနှစ်ခု ပူးပေါင်းနိုင်ရေးအတွက် သံဃာတော်များ၏ စီစဉ်ပေးချက်အရ တလ တကြိမ် ညှိနှိုင်းဆွေးနွေးလျက် ရှိပြီး နောက်ဆုံးအနေနှင့် စက်တင်္ဘာလ ၁၆ ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့၌ ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတွေ့ဆုံမှုတွင် သံဃာတော်များက (၁) နှစ်ဘက်ပါတီများမှ အညီအမျှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စာရင်းများ တင်ပြရန်။ (၂) ဗဟိုအလုပ်အမှုဆောင်သစ်ကို လျှို့ဝှက်မဲဖြင့် ပြန်လည် ရွေးချယ်ရန်နှင့် (၃) အလုပ်အမှုဆောင်သစ်မှ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်တို့ကို တောင်းဆိုထားကြောင်း ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်သည့် သံဃာတော်တပါးက မိန့်ဆိုသည်။

သို့သော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဘက်မှ အထက်ပါ တောင်းဆိုချက်ကို လက်မခံသေးခြင်းနှင့် ညှိနှိုင်းမှု မပြီးပြတ်ခင် နှစ်ဘက်ပါတီများမှ မြို့နယ်အသီးသီးတွင် ပါတီရုံးများ ဖွင့်လှစ်နေခြင်းကြောင့် ပေါင်းစည်းရေးကိစ္စမှာ ကြာမြင့်ဦးမည် ဖြစ်ကြောင်း အထက်ပါသံဃာတော်က မိန့်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host