Thursday, October 25, 2012

မွန်ပြည်သူတို့ ကချင်စစ်ပွဲကို မလိုလား

စစ်ပွဲကို မလိုလားသည့် မွန်ပြည်သူများက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သည့် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ငြိမ်းချမ်းရေး အထိမ်းအမှတ် အခမ်းအနားများကို နှစ်နေရာခွဲကာ ကျင်းပခဲ့ကြသည်။

မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်း စစ်ရပ်စဲရေး လက်မှတ်ရေးထိုးနေစဉ် (ဓါတ်ပုံ - ကြည်ဇော်လွင်)
နံနက်ပိုင်းတွင် မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ မွန်နိုင်ငံရေးပါတီများ ဖြစ်သည့် မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ်ပါတီနှင့် တက္ကသိုလ်ကျောင်းသား/သူများ၊ စာပေယဉ်ကျေးမှု အဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များက အခမ်းအနား ကျင်းပကြပြီး ပရိသတ် ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

“လူငယ်တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ များများ ပါဝင်လာဖို့အတွက် ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်တယ်” ဟု အခမ်းအနား ဖြစ်မြောက်ရေးတွင် ပါဝင်သူ မော်လမြိုင် တက္ကသိုလ်ကျောင်းသား မင်းစီစွမ်း က ပြောသည်။

အခမ်းအနားတွင် လူငယ်နှင့် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အမတ်များ၊ ကချင်ပြည်နယ် စစ်ပွဲ စသည့်အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ အခမ်းအနားအပြီးတွင် ငြိမ်းချမ်းရေး မီးပုံးပျံများ လွှတ်တင်ခဲ့ကြသည်။

ငြိမ်းချမ်းရေး အခမ်းအနား တက်ရောက်ကြသည့် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ (ဓါတ်ပုံ - ကြည်ဇော်လွင်)
“ကချင်ပြည်နယ်က စစ်ပွဲအကြောင်းကိုလည်း ကျနော်တို့ ဆွေးနွေးကြတယ်။ ကျနော်တို့ အမြင်မှာတော့ အစိုးရဟာ ငြိမ်းချမ်းရေး ဖော်ဆောင်နေပေမဲ့ ကချင်ကို တိုက်နေတုန်းပဲ။ ကချင်စစ်ပွဲတွေ ရပ်တန့်နိုင်ဖို့ ကျနော်တို့ လက်တွဲပြီး ဆောင်ရွက်ဖို့ လိုတယ်” ဟု မင်းစီစွမ်း က ပြောသည်။

မွန်းလွဲပိုင်းတွင် ပွင့်လင်း ကွန်ယက် (မွန်ပြည်နယ်) မှ ဦးဆောင်ကာ မြေနီကုန်းရပ်ကွက်ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် အခမ်းအနား ကျင်းပခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် တက္ကသိုလ် ကျောင်းသူ/သားများ အပါအဝင် စာပေယဉ်ကျေးမှု အဖွဲ့အစည်းများမှ ပရိသတ် သုံးရာကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဟောပြောခြင်း၊ စာတမ်း ဖတ်ခြင်းများ၊ တနိုင်ငံလုံး စစ်ရပ်စဲရေး စုပေါင်း လက်မှတ်ရေးထိုးခြင်း၊ ကာတွန်းပြပွဲ၊ ငြိမ်းချမ်းရေး ကဗျာနှင့် သီချင်းများ ရွတ်ဖတ်သီဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့ပြီး အခမ်းအနား အပြီးတွင် ငြိမ်းချမ်းရေး မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့ကြသည်။

“ကချင်ပြည်နယ် စစ်ပွဲဟာ ဘယ်သူ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ အဓိက ခံစားနေရတာက ကချင်ပြည်သူတွေပါ။ ကျနော်တို့ဆန္ဒက စစ်ဘေးဒဏ် ခံနေရတဲ့သူတွေအတွက် စစ်ပွဲကို ရပ်စဲပေးဖို့ပါ” ဟု အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်သူ ကိုကြည်ဇော်လွင် က ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး အခမ်းအနား ကျင်းပခွင့် ရရှိခြင်းသည် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ငြိမ်းချမ်းရေး အထိမ်းအမှတ် အခမ်းအနားကို တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ကြသော်လည်း အချို့ဒေသများတွင် ဟန့်တား နှောင့်ယှက်မှု ခံကြရသည့်ပြင် ဦးဆောင်ကျင်းပသူများကို ခေါ်ယူမေးမြန်းခြင်းများလည်း ရှိကြောင်း သိရသည်။

နိုင်ငံတော် အစိုးရအနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်ဟု တွင်တွင် ပြောဆိုနေသည့်အတွက် ပြည်သူများအား ငြိမ်းချမ်းရေး အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့် ပေးသင့်သည်ဟုလည်း ဝေဖန်ပြောဆိုမှုများ ရှိကြသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host