Saturday, September 7, 2013

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်နေပါလျက် နိုင်ငံမဲ့ လူသားဟု ဆိုနေကြကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိလာသဖြင့် သတိထား နေရသည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌပြောကြား

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်နေပါလျက် နိုင်ငံမဲ့လူသားဟု ဆိုနေကြကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိလာသဖြင့် သတိထား နေရကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် စက်တင်ဘာ ၄ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၆ ရက် နိုင်ငံပိုင် ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။
”နိုင်ငံနှင့် လူမျိုးကိစ္စကို မိမိစဉ်းစား ကြည့်ရာမှာ ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမှ မဟုတ်ဆိုသည့် မြေလွတ်မရှိကြောင်း၊ နိုင်ငံများ၏ နယ်နိမိတ်များသည် အားလုံး ထိစပ်နေကြောင်း၊ နိုင်ငံနှင့်လူသား ပေါ်ပေါက်လာခြင်းသည် ထူးခြားသည့် အခြေအနေပေါ် မူတည်ကြောင်း၊ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး ယင်းကဲ့သို့ ထိစပ်နေပါလျက် နိုင်ငံမဲ့လူသားဟု ဆိုနေကြကာ အကြမ်းဖက်အဖွဲ့ အစည်းများနှင့် အဆက်အသွယ် ရှိလာသဖြင့် မြန်မာနိုင်ငံ အနေဖြင့် အထူးသတိထား နေရသည်ကို နားလည်စေလိုကြောင်း” ဖြင့် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးရာတွင် ”မိမိတို့ နယ်မြေတွင်လည်း ခိုးဝင်မှုများရှိကြောင်း၊ ယင်းကိစ္စမှာ ဒေသတွင်းပြဿနာ ဖြစ်နေကြောင်း၊ အာဆီယံဒေသတွင်း သာမက သြစတေးလျနိုင်ငံအထိ ခိုးဝင်မှု ပြဿနာများ ရှိနေကြောင်း၊ မိမိတို့ ပူးပေါင်းဖြေရှင်းရန် လိုအပ်ကြောင်းနှင့် အနာဂတ်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ဥပဒေ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ အဆိုပါ ဥပဒေသည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းနှင့်အညီဖြစ်မည်ဟု မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ကိုက်ညီရန် သက်ဆိုင်ရာ အသီးသီးသို့ တင်ပြပိုင်ခွင့်ရှိကြောင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ထိုင်းပါလီမန်က သိလိုသည့် အချက်များကို ဖြေကြားပေးရကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မူဝါဒများကို အကောင်အထည် ဖော်ခဲ့ကြောင်း ဖြင့်လည်း ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်အစိုးရမှ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သော်လည်း ဥပဒေ မရှိသေးသည့်အတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို လွှတ်တော်တွင် ဆွေးနွေးလျက် ရှိကြောင်း၊ လူ့အခွင့်အရေးရရန် ဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် ကိစ္စဖြစ်ပြီး မိမိနိုင်ငံသားကို သာမက လူသားအားလုံးကို ကာကွယ်ပေးရန် လိုအပ်ကြောင်း စသည်ဖြင့် ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးပါ အဖွဲ့သည် ထိုင်းနိုင်ငံ ပါလီမန်ဥက္ကဋ္ဌနှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.Somsak Kiatsuranont ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁ ရက် မှ ၄ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host