Saturday, September 7, 2013

အိုဘားမား အစိုးရ၏ မြန်မာနှင့် စစ်ရေးဆက်ဆံမှု ပြန်လည်ပြုလုပ် လိုခြင်းကို စောသေးကြောင်း အမေရိကန် လွှတ်တော်အမတ်အချို့ ဝေဖန်

အိုဘားမား အစိုးရအဖွဲ့သည် ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်ကြာ ရပ်ဆိုင်းထားသော မြန်မာနိုင်ငံသို့ စစ်ရေးလေ့ကျင့် သင်ကြားရေး အစီအစဉ်ကို ပြန်လည်စတင်ရန် အလိုရှိနေသည်။ စစ်ရေးလေ့ကျင့် သင်ကြားပေးရေးသည် တိုက်ခိုက်ရေးအတွက် မဟုတ်သော်လည်း အမေရိကန် နိုင်ငံရှိ ဥပဒေပြု အမတ်များကမူ
8.1.1
အိုဘားမား မြန်မာနိုင်ငံသို့ မရောက်မီ USS Bonhomme Richard အမေရိကန် စစ်သင်္ဘောပေါ်သို့ မြန်မာရေတပ်မှ အရာရှိများ လာရောက်ကြစဉ် (ဓာတ်ပုံ-stripes.com)

မြန်မာနိုင်ငံသည် လူမျိုးရေး ဘာသာရေး တိုက်ခိုက်မှုများအတွက် စွပ်စွဲခံနေရဆဲပင် ရှိသေးသောကြောင့် ၀ါရှင်တန်၏ လုပ်ရပ်သည် စောလွန်းသည်ဟု ငြင်းခုံနေကြကြောင်း အေပီသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။
အိုဘားမား အစိုးရအဖွဲ့သည် မြန်မာနိုင်ငံကို ပြုလုပ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေး ခဲ့သည့်အပြင် စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်ကိုလည်း ၀ါရှင်တန်သို့ ဖိတ်ကြားခဲ့သည်။ သို့သော် စစ်ရေးဆက်ဆံမှု ပြန်လည်ပြုလုပ်ရန် ကိစ္စမှာတော့ အထိမခံနိုင်သေးသော ကိစ္စဖြစ်ပြီး ၀ါရှင်တန် အနေဖြင့် မြန်မာအစိုးရအပေါ် ဖိအားပေးနိုင်ရန် ကျန်ရှိသည့် တစ်ခုတည်းသော အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီဖြင့် အမေရိကန် ကာကွယ်ရေး ကျွမ်းကျင်သူများသည် မြန်မာနိုင်ငံသို့ ယခင်အပတ်က သွားရောက်ခဲ့ကြ ပြီး လူ့အခွင့်ရေးနှင့် ဥပဒေစည်းမျဉ်းများနှင့် ပတ်သက်၍ မည်သည့် အကူအညီများ ပေးအပ်နိုင်မည်ကို ဆန်းစစ်ခဲ့ကြသည်။ လွန်ခဲ့သည့် ကြာသပတေး နေ့တွင်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel သည် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ကာကွယ်ရေး ၀န်ကြီးများ တွေ့ဆုံပွဲတွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးများ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် တွေ့ဆုံသည့်ပွဲ ဖြစ်ခဲ့သည်။
အမေရိကန်သည် မြန်မာနိုင်ငံမှ အရာရှိများအား အမေရိကန်နိုင်ငံတွင် ၁၉၈၈ မတိုင်မီ အချိန်ထိ စစ်သင်တန်း ပေးလေ့ရှိခဲ့ပြီး သွေးထွက်သံယိုမှု များခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းတွင် စစ်ရေးအကူအညီများ အားလုံး ရပ်ဆိုင်းခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် စစ်ရေး အကူအညီများနှင့် အထောက်အပံ့များ အတွက် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့ အပေါ်တွင် မှီခိုနေခဲ့ရသည်။
ဦးသိန်းစိန်အစိုးရ တက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်လာသည့် အခါတွင် အိုဘားမား အစိုးရသည် မြန်မာနှင့် စစ်ရေးအဆက်အဆံ ပြန်လည် ပြုလုပ်ခြင်းဖြင့် အမေရိကန် စစ်တပ်မှ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများကို မြန်မာစစ်တပ် အနေဖြင့် လေ့လာသင်ယူ နိုင်လိမ့်မည်ဟု ပြောဆိုခဲ့ပြီး စစ်ရေးအဆက်အသွယ် ပြန်လည်ပြုလုပ်ရန် တိုက်တွန်းလာခဲ့သည်။
အိုဘားမား အစိုးရအဖွဲ့ကို မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ သြဇာကြီးမားသူ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mitch McConnell က ထောက်ခံထားပြီး သြဂုတ်လတွင် ပြောကြားခဲ့သော ၎င်း၏မိန့်ခွန်းတွင် နှစ်နိုင်ငံစစ်တပ်ချင်း ပိုမိုပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ သို့သော်လည်း စစ်ရေးဆက်ဆံမှု ပြန်လည်တည်ဆောက်မည့် ကိစ္စအပေါ် အခြားဥပဒေပြု အမတ်များက ဆန့်ကျင်လျက်ရှိပြီး စစ်ရေးအဆက်အသွယ် ပြန်လည်ပြုလုပ်ခြင်းဖြင့် လူသိန်းပေါင်းများစွာ နေရာရွှေ့ပြောင်း ခံရသည့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော စစ်ပွဲများနှင့် ပတ်သက်၍ မြန်မာစစ်တပ်အပေါ် ထောက်ခံလိုက်သလို ဖြစ်သွားနိုင်သည်ဟု ဝေဖန်ကြသည်။
”မြန်မာနဲ့ အမေရိကန် စစ်ရေးဆက်သွယ်မှု ပြန်လည်စတင်ဖို့အတွက် အချိန်စောလွန်းပါတယ်။ မြန်မာစစ်တပ်က အရပ်သား အစိုးရအပေါ် လွှမ်းမိုးမှု ရှိနေသေးတဲ့အပြင် လူ့အခွင့်အရေးဆိုင်ရာနဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေမှာ ချိုးဖောက်မှုတွေ ရှိနေဆဲပါ” ဟု ရီပတ်ဘလစ်ကန် ပါတီအမတ် အရှေ့အာရှရေးရာ မူဝါဒဥက္ကဋ္ဌ Steve Chabot က အေပီသတင်းဌာနသို့ ပြောဆိုခဲ့သည်။
အမေရိကန် အစိုးရအနေဖြင့် ချီတုံချတုံ ဖြစ်နေသော်လည်း အနောက်နိုင်ငံများမှာ အမေရိကန်ထက် ရှေ့ကိုရောက်နေပြီ ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် မြန်မာအရာရှိ ၃၀ အား အဆင့်မြင့် ကာကွယ်ရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ခဲ့သလို သြစတြေးလျ နိုင်ငံကလည်း ကာကွယ်ရေး ကဏ္ဍအတွက် မြန်မာစစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host