Wednesday, September 4, 2013

ရခိုင်ပြည်နယ်တရားသူကြီး လာဘ်စားမှုဖြင့် စွပ်စွဲခံရသဖြင့် စုံစမ်းနေပြီ

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်စီစီကို “လာဘ်ယူ၍ အာဏာအလွဲသုံးသည်” ဟု ပြည်နယ် လွှတ်တော် အမတ် ၁၄ ဦးက သြဂုတ် ၃၀ ရက်တွင် လွှတ်တော်၌စွပ်စွဲပြစ်တင်ခဲ့သဖြင့် ထိုကိစ္စကို ယခုလ ၂ ရက်မှ စတင်၍ စုံစမ်းနေပြီဟု ပြည်နယ်အမတ် ဦးအောင်မြကျော်က မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော် ခုနစ်ကြိမ်မြောက်ကျင်းပသည့် သြဂုတ် ၃၀ ရက်က ပြည်နယ်လွှတ်တော်ရှိ အမတ် စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သည့် အမတ် ၁၄ ဦးက လက်မှတ်ရေးထိုး၍ ဆန်စပါးအရောင်းအ၀ယ် ကိစ္စဖြင့်
ငွေလိမ်ထားသူတစ်ဦးကို လာဘ်ယူ၍ အကာအကွယ်ပေးသည်ဟု ပြည်နယ်တရားသူကြီး ဒေါ်စီစီ ကို စွပ်စွဲခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုအမှုကို စုံစမ်းစစ်ဆေးရန် ပြည်နယ်လွှတ်တော်အမတ်ငါးဦးဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ထိုနေ့မှာ ပင် လွှတ်တော်က ဖွဲ့စည်းပေးခဲ့ပြီး စက်တင်ဘာ ၂ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ စုံစမ်းမှုများ ပြုလုပ်သွား မည်ဟု လွှတ်တော်မှတ်တမ်းများတွင် ဆက်လက်ဖော်ပြထားသည်။

ပြည်နယ်တရားသူကြီး ဒေါ်စီစီ၏ အမှုနှင့်ပတ်သက်ပြီး “သတ်မှတ်ကာလအတွင်း စုံစမ်းမှုတွေလုပ်ပြီးတဲ့အခါ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်သို့ ပြန်တင်ပြရပါမယ်။ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက လက်ခံရင် ဒေါ်စီစီအနေနဲ့ လက်ရှိရာထူးကနေ ဖယ်ရှားခံရနိုင်တယ်” ဟု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်မြကျော်ကပြောသည်။

အမှုဖြစ်စဉ်မှာ “မြောက်ဦးမြို့မှ အမျိုးသမီးတစ်ဦးက ဆန်စပါးရောင်းဝယ်သည့် ကျပ်သိန်း ၄၃၀၀ ကျော်ကို လိမ်လည်ခဲ့သည်ဆိုကာ ဒေသခံလူ ၉၀ ကျော်က မြို့နယ်တရားရုံး၌ တရားစွဲစဉ် ပြည်နယ်တရားသူ ကြီးဒေါ်စီစီက လာဘ်ယူ၍ အမှုကိုပယ်ချခဲ့သည်ဟု တရားလိုများဘက်က ပြည်နယ်လွှတ်တော်သို့ တိုင်တန်းလာသောကြောင့် လွှတ်တော်၌ စွပ်စွဲပြစ်တင်သည့် အဆိုတင်သွင်းခဲ့ရခြင်းဖြစ်ကြောင်း” စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ
ပြည်နယ်အမတ် ဦးအောင်မြကျော်ကရှင်းပြသည်။

ပြည်နယ်တရားသူကြီး ဒေါ်စီစီ၏ လက်ကိုင်ဖုန်းနံပါတ်နှင့် အိမ်ဖုန်းနံပါတ်တို့ကို မဇ္ဈိမသတင်းထောက်က စုံစမ်း ရရှိထားသဖြင့် သူမအပေါ် ယခုလိုအမတ်များက စွပ်စွဲထားသည့်အပေါ် တုန့်ပြန်ပြောကြားနိုင်ပါရန် ဆက်သွယ်သော် လည်း လက်ကိုင်ဖုန်းမှာ စက်ပိတ်ထားပြီး၊ အိမ်ဖုန်းမှာမူ ၁၀ ကြိမ်ထက်မနည်း ဆက် သွယ်သည်ကိုပင် ပြန်လည် မဖြေကြားခဲ့ပေ။

သမ္မတဦးသိန်းစိန်က ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှစ၍ ပြည်နယ်တရားသူကြီးအဖြစ် ခန့်ထားခဲ့သူ ဒေါ်စီစီနှင့်ပတ်သက်၍ စစ်တွေမြို့မှ ရှေ့နေဒေါ်အေးနုစိန်က “ကျွန်မနဲ့ မရင်းနှီးလို့ ကျန်တဲ့အပိုင်းတွေ မသိပေမဲ့ ဥပဒေပညာရပ် အပိုင်းမှာတော့တွေ့ဖူးသမျှ တကယ်ထက်မြက်တဲ့ ပုဂ်္ဂိုလ်ဖြစ်ပါတယ်” ဟုပြော သည်။

ရခိုင်ပြည်နယ်အတွင်း၌ အဂတိလိုက်စားမှုများ ကျယ်ပြန့်စွာရှိနေသော်လည်း ခိုင်လုံသော သက်သေ အထောက် အထား မရှိ၍ အရေးမယူနိုင်ခဲ့ရာမှ ယခုအမှုကဲ့သို့ ထိပ်တန်းရာထူးမှ ပုဂ်္ဂိုလ်များ၏အမှုများကို ဖြေရှင်းလိုက်နိုင်လျှင်
အောက်ခြေ၀န်ထမ်းများသည်လည်း အတန်အသင့်ထိန်းသွားလိမ့်မည်ဟု ပြည်နယ်လွှတ်တော်၏ ဥပဒေအကြံပေး အဖွဲ့ဝင် ဦးကောင်းစံရှီက မဇ္ဈိမကိုပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရ အာဏာရပြီးနောက်ပိုင်း ရခိုင်ပြည်နယ်လွှတ်တော်၌ ပြည်နယ်အဆင့် အရာရှိ တစ်ဦးကို စစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အမတ်များထံမှ စုံစမ်းသိရှိရသည်။

၂၀၀၈ ခုနှစ်အခြေခံဥပဒေပုဒ်မ ၃၁၁ တွင် ပြည်နယ်တရားသူကြီးတစ်ဦးသည် နိုင်ငံတော်သစ္စာဖောက်လျှင်၊ အခြေခံ ဥပဒေ ဖောက်ဖျက်လျှင်၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ အရည်အချင်းပျက်ယွင်းလျှင်၊ ဥပဒေ အရပေးထားသည့် တာဝန်မကျေပွန်လျှင် ပြည်နယ်အမတ်များက စွပ်စွဲပြစ်တင်နိုင်ကြောင်း ပြဌာန်းထားသည်။

စွပ်စွဲပြစ်တင်မှုကို အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး ရလဒ်ကို ပြည်နယ်လွှတ်တော်၌တင်ပြကာ အမတ် သုံးပုံနှစ်ပုံ က စွပ်စွဲမှုမှန်ကန်ကြောင်း ထောက်ခံလျှင် အတည်ဖြစ်ပြီး၊ ထိုဆုံးဖြတ်ချက်ကို ပြည်နယ်ဝန်ကြီး ချုပ်ထံတင်ပြကာ
ပြည်နယ်ဝန်ကြီးချုပ်ကလည်း သမ္မတထံဆုံးဖြတ်ချက်ကို ဆက်လက်တင်ပြရမည်ဟုလည်း အခြေခံဥပဒေတွင်
ပြဌာန်းထားသေးသည်။

သမ္မတထံရောက်လျှင် ပြည်နယ်လွှတ်တော်၏ စွပ်စွဲခြင်းခံရသည့် ပြည်နယ်အဆင့်တရားသူကြီးကို ရာထူးမှ ရပ်စဲရ မည်ဟုလည်း အခြေခံဥပဒေက ဆိုထားသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host