Thursday, September 5, 2013

သိမ်းဆည်း BGF လက်နက်များ ပြန်ပေးရန် ကရင်လက်နက်ကိုင်အဖွဲ့ ညီညွတ်ရေးကော်မတီဆုံးဖြတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များက ကရင်နယ်ခြားစောင့်တပ်စခန်း တစ်ခုအား ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းသွားသည့် လက်နက်များကို ပြန်လည်ပေးအပ်ရန် စက်တင်ဘာလ (၃) ရက်က
ပြုလုပ်သည့် ကရင်လက်နက်ကိုင်အဖွဲ့ များ ညီညွတ်ရေးကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း တက်ရောက်ခဲ့သည် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ပြောသည်။

“လက်နက်အတိုက (၁) လက်၊ အရှည်က (၃) လက်၊ သေနတ် (၄) လက်ပဲ အဲဒါပြန်ပေးဖို့ ဆုံးဖြတ်တယ်၊ လူကတော့ ပြန်မပေးရသေးဘူး၊ ပြန်ပေးဖို့ဆိုတာက ဟိုရောက်ရင် အပစ်ပေးအရေးယူရမယ် စသဖြင့်
ဖြစ်လာရင် သူ့တို့ဆန္ဒသဘောထားတွေလည်း ရှိတာဆိုတော့ လူတော့ ပြန်မပေးရသေးဘူး” ဟု ဗိုလ်ချုပ်ကြီး
စောဂျော်နီက မဇ္ဈိမကိုပြောသည်။

ယင်းအစည်းအဝေးကို ကရင်လက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့မှ တက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ် မြ၀တီခရိုင်
ရွှေကုက်္ကိုမြိုင် ကျေးရွာ၌ တစ်ရက်တာကျင်းပခဲ့ကြသည်။

အစည်းအဝေးသို့ KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ဦးဆောင်ပြီး ကိုယ်စားလှယ်(၁၁) ဦး၊ BGF မှ ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်ပြီးကိုယ်စားလှယ် (၂၀) ဦး၊ KNU/KNLA-PC မှ ဗိုလ်ချုပ်ကြီး စောရင်နု ဦးဆောင်ပြီး ကိုယ်စားလှယ် (၃) ဦး၊ ဘုရားကုန်းအဖွဲ့မှ ဦးစောသန်းမြင့် ဦးဆောင်ပြီး ကိုယ်စားလှယ် (၃) ဦး၊ DKBA ကလို့ထူးဝါး စစ်ဆင်ရေးကွပ်ကဲရေးတပ်ဖွဲ့မှ ဗိုလ်မှူးဝေ့လေနှင့် ဗိုလ်ကြီးသရီးတူး ကိုယ်စားလှယ် (၂) ဦးနှင့် KPF မှ ဗိုလ်မှူးစတီးဗားဦးဆောင်ပြီး ကိုယ်စားလှယ် (၄) တို့အပြင် လေ့လာသူများအပါအ၀င် ကိုယ်စားလှယ် စုစုပေါင်း (၇၀) ကျော် တက်ရောက်ကြပါသည်။

ထိုအစည်းအဝေးပွဲတွင် ကရင်လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားခဲ့သော ပြဿနာကို စားပွဲဝိုင်းတွင်ဖြေရှင်း ကြပြီး ၀ဲကြီးစခန်းတွင်ဖြစ်ပွားသကဲ့သို့ နောက်ထပ်မပေါ်ပေါက်ရန် အပြန်အလှန်တာဝန်ယူမည့်အကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်ဟု နယ်ခြားစောင့်တပ်(BGF) အမှတ်(၃) တပ် နယ်မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။

KNU နှင့် BGF တပ်တို့ ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက်က KNU တပ်မဟာ (၅) ၀ဲကြီးစခန်းတွင် ပစ်ခတ်မှု
ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားသည်မှာ ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီအနေဖြင့် အဆက်အသွယ်မရှိသေးသည့်အတွက်ကြောင့် ဖြစ်ခဲ့ရသည်ဟု ဗိုလ်ချုပ်ကြီးစောဂျော်နီက ဆိုသည်။

ထို့ပြင် အစည်းအဝေး၌ မူးယစ်ဆေးဝါးတိုက်ဖျက်နိုင်ရန် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ အဖွဲ့ဝင် (၁၇) ဦးအား ယာယီတာဝန်ပေးလိုက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆပ်ကော်မတီကိုမူ လာမည့် အစည်းအဝေး၌ ထပ်မံဖွဲ့ စည်းသွားရန်ရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့က လောလောဆယ် အောက်ခြေပြဿနာရှိနေ သေးတဲ့အတွက် ပြဿနာဖြစ်လာရင် ဖြေရှင်းနိုင် ဖို့က စုပေါင်းရုံးထားဖို့လိုတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆက်သွယ်နိုင်ဖို့ စုပေါင်းရုံးထားဖို့ကလည်း အရင်ဦးဆုံး စည်းလုံးညီညွတ်ပြီး ခိုင်မာအောင် အရင်လုပ်ရမယ်” ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီက မဇ္ဈိမအား ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ်ရေးကော်မတီအဖွဲ့သည် အချိန်ပြည့် ဆက်သွယ်အလုပ်လုပ်
နိုင်ရန် စုပေါင်းရုံးလိုအပ်သည်ဟု ယခုအစည်းအဝေး၌ ဆုံးဖြတ်ချက်ချထားသော်လည်း မည်သည့် နေရာတွင် ထားမည်ကိုမူ လာမည့်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဟု ဆိုပါသည်။

ကရင် လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီကို ပြီးခဲ့သည့် မေလ (၂၈) ရက်တွင် ကော်မီတီဝင် (၁၇) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကာ ပုံမှန်အစည်းအဝေး နှစ်ကြိမ်နှင့် အရေးပေါ်အစည်းအဝေးတစ်ကြိမ် ကျင်းပခဲ့ပြီး
ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်မှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီဖြစ်ကာ အခြားအဖွဲ့ဝင်များမှာ KNU မှ ပဒိုဖောဒို့၊ ပဒိုရွှေမောင်း၊ ပဒိုအောင်မော်အေး၊ BGF မှ ဗိုလ်မှူးချုပ် စောချစ်သူ၊ ဗိုလ်မှူး စောကြာအဲ၊ ဒေါက်တာ
စောဌေးမြင့်၊ KNU/KNLA - ငြိမ်းချမ်းရေးကောင်စီမှ ဖိုးရင်နု၊ ဗိုလ်မှူးကြီးစောယိုရှူး၊ ဦးမြင့်သန်း၊ ဦးကျော်မြင့် (ဘုရားကုန်းအဖွဲ့)၊ DKBA မှ ဗိုလ်ချုပ်မိုရှေး ၊ ဗိုလ်မှူးကြီး စောကျော်သက်၊ ဗိုလ်မှူးကြီး စောသန်းအောင်၊ KPF မှ ဗိုလ်မှူး စတီဗာ၊ စောနေ၀င်း၊ စောအယ်မိုးတို့ ဖြစ်ကြသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host