တရံရောအခါ…
ရွာငယ်တရွာသည်၊ စည်ပင်ဝပြော
အလှတောဖြင့်၊ ပြည့်ဝဖူလုံ
စားမကုန်ဘွယ် ဥစ္စာဓနလျှံခဲ့သည်။
အမိမြေလွှာ၊ လယ်ယာခွင်တွင်
တီထွင်စိုက်ပျိုး၊ အထွက်တိုး၍
မိုးမြေအလှ ဆင်ခဲ့သည်။
ဘုရားကျောင်းကန်၊ စေတီယံဝယ်
ဝင့်ကြွားထယ်ဝါ၊ ဂုဏ်ယူစရာဖြင့်
နယ်ခြားအရောက်မွှေးခဲ့သည်။
သာယာငြိမ်းချမ်း ဘဝပန်းတင့်ချိန်၊
ဝေဆာပြည့်ဖြိုး တန်ခိုးထွားချိန်၊
တက်ကြွှနိုးကြား ထိုရွာသားသည်၊
ရွာကာစည်းရိုး မကျိုးပေါက်ရန်၊
တည်ဆောက်မှုကင်း ရိုးသားခြင်းဖြင့်
ဂုဏ်ယူခြင်းမူ ယူခဲ့သည်။
အုပ်ချုပ်ရေးရာ မလိမ်မာဘဲ
ဝင့်ဝါပလွှား မာနထွားခဲ့။
တနေ့သ၌…
ရွာနီးချုပ်နား တနယ်သား၏
လောဘတရား အမှောက်မှားကြောင့်
စည်းရိုးမဲ့ကင်း ထိုရွာတွင်းသို့
ချင်းနင်းဝင်ရောက် လက်အောက်ခံအဖြစ်
သိမ်းခဲ့ရာ…
ဘဝင်စိတ်လွဲ သတိနဲ၍
တပါးလက်ထဲရောက်ခဲ့ရှာ။
စာပေစီးပွား အလှများမှ
ဘဝဆုံးရှုံး အညွှန့်တုံးကာ
အရှုံးသမားဘဝကို ရောက်ခဲ့တယ်။
မင်းချမ်းထိုက်
(ခိုင်ထက်၊ မင်းချမ်းထိုက်တို့၏ “ကျနော်တို့၏လှေကား”ကဗျာများ၊၊ ၁၉၈၄)
0 comments:
Post a Comment