Sunday, March 17, 2013

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၇)

ပစ်မှုဥပဒေပုဒ်မ – ၅၀၁ အရ နစ်နာသူကိုယ်တိုင် တရားလိုပြုလုပ် တရားစွဲဆိုရမည်ဆိုလျှင်၊ ယခုအချိန်အထိ တရားလိုပြုလုပ်တရားစွဲဆိုထားသည့် တဂုံမြို့သစ်မြို့နယ်၊ မြို့နယ်မှူး ဒုရဲမှူး တင်မောင်အေးသည် အမှန် တကယ်တရားလို ဟုတ်မဟုတ်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပေါ်ပေါက်အောင်မေးမြန်းရမည် ဖြစ်သည်။
ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ ဆိုသည်မှာ အကြောင်းအရာတခုကို ပုံနှိပ်ရာတွင်၊ သို့တည်းမဟုတ် ထွင်းထုရာတွင် ထိုအကြောင်းအရာသည် တဦးတယောက်သော သူ၏ အသရေကို ပျက်စေသည်ဟု သိလျှင်၊ သို့တည်းမဟုတ် ထိုသို့ ပျက်စေသည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင်ဟု အတိအလင်း ပြဌာန်းထားရာ၊ စွပ်စွဲခံရသူ ကိုတင်ဝင်းရေးသားသည့် “ခွပ်ဒေါင်းအာမာန်” စသည်အားဖြင့် ကဗျာများသည် ပုံနှိပ်ထားခြင်းဖြစ်သည်မှာ မှန်ပေသည်။ ထို့ကြောင့် အငြင်းပွားရန် အကြောင်းမပေါ်ပေါက်ပါ။ အငြင်းပွားစရာများမှာ အသရေကိုပျက်စေသလား ဆိုသည့်အချက်၊ အသရေကိုပျက်စေပါကလည်း မည်သူ၏ အသရေကိုပျက်စေပါသလဲ ဆိုသည့်အချက်များသည် အငြင်းပွားစရာ ပြဿနာများ ဖြစ်လျက်ရှိသည်။
ထို့ကြောင့် ယင်းနှစ်ချက်ကို တရားရုံးမှ သိရှိစေရန်လည်းကောင်း၊ မှန်ကန်သည့်အတိုင်း သက်သေခံထွက် ချက်များတင်သွင်းနိုင်ရန်အတွက်လည်းကောင်း မေးမြန်းရမည်ဖြစ်သည်။
ဤနေရာတွင် ရေးသားရန်တစ်ချက်ကျန်ရှိနေသေးသည်မှာ “စွဲချက်တင်သည်” ဆိုသည့်အဆင့်ပင် ဖြစ်သည်။ စွပ်စွဲခံရသူများအား စွဲချက်တင်လိုက်သည်ဆိုသည်မှာ တရားရုံးတော်အနေဖြင့် တရားလိုဘက်မှ စွပ်စွဲထားသည့် စွပ်စွဲချက်များသည် ခိုင်လုံသည်ဟု ယေဘုယျအားဖြင့် မှတ်ယူလိုက်ပြီဖြစ်သည်။ တနည်းအားဖြင့် ပြစ်မှုဆိုင်ရာဥပေဒတွင် စွပ်စွဲခံရသူအပြစ်ရှိကြောင်း သက်သေပြရန်တာဝန်မှာ တရားလိုဘက်သို့ အစဉ်တစိုက်ကျရောက် သည်ဆိုသည့် အခြေခံမူကို တရားလိုဘက်မှ ပဏာမအားဖြင့် သက်သေထင်ရှားပြသနိုင်ပြီဟု တရားရုံးက လက်ခံလိုက်ခြင်းသာဖြစ်သည်။ စွဲချက်တင်လိုက်သည့်အတွက် စွပ်စွဲခံရသူကို အမှန်တကယ်အပြစ်ရှိသည်ဟူ၍ ယူဆရမည်မဟုတ်ပါ။ စွပ်စွဲခံရသူဘက်မှ မိမိသည် တရားလိုတင်ပြသည့် စွပ်စွဲချက်များကို ကျူးလွန်ခြင်း မရှိကြောင်း သက်သေခံအချက်အလက်များ တင်ပြခြင်း၊ လူသက်သေများတင်ပြခြင်း စသည်အားဖြင့် ပြန်လည်ထုချေရှင်းလင်းရမည် ဖြစ်သည်။
ထို့ကြောင့် စွဲချက်တင်ခြင်းမတိုင်ခင်အဆင့်သည် စွပ်စွဲသူ(တရားလိုဘက်)မှ စွပ်စွဲခံရသူတွင် အပြစ်ရှိပါသည်ဟု တရားရုံးတွင် သက်သေခံအချက်အလက် အထောက်အထားအခိုင်အမာ တင်ပြရသည့်အဆင့်ဖြစ်၍ စွဲ ချက်တင်ပြီးအဆင့် နောက်ပိုင်းသည် စွပ်စွဲခံရသူဘက်မှ သက်သေခံအချက်အလက် အထောက်အထားအခိုင်အမာ တင်ပြလျက် စွပ်စွဲသူ(တရားလို) ဘက်ကစွပ်စွဲချက်များသည် မဟုတ်မှန်ကြောင်းပြန်လည်ချေပရသည့်အဆင့် ဖြစ်ပေသည်။
စွဲချက်တင်ခြင်းမတိုင်ခင်အဆင့်တွင်ဖြစ်စေ၊ စွဲချက်တင်ပြီးသည့်နောက်ပိုင်းအဆင့်တွင်ဖြစ်စေ၊ အဆင့် နှစ်ခုစလုံးတွင် စွပ်စွဲသူ(တရားလို) ဘက်မှလည်းကောင်း၊ စွပ်စွဲခံရသူ ဘက်မှလည်းကောင်း အပြန်အလှန်မေးခွန်းများ မေးမြန်းချေပခွင့်များ ရရှိကြသည်။
စွဲချက်တင်ပြီးသည့်နောက်ပိုင်းအဆင့်၌ ယခင်စွဲချက်တင်ခြင်းမတိုင်ခင်အဆင့်တွင် စစ်ဆေးမေးမြန်းခဲ့ပြီးသော တရားလိုနှင့်တရားလိုပြသက်သေများကို ပြန်လည်ခေါ်ယူစစ်ဆေးမေးမြန်းခွင့်ရရှိပေသည်။ ထို့ကြောင့် ကျွန်တော်သည် တရားလိုနှင့် တရားလိုသက်သေများဖြစ်ကြသည့် ဒုရဲမှူးတင်မောင်အေး၊ အခြားရဲအုပ်တစ်ယောက်၊ ဒုရဲအုပ်တစ်ယောက်ကို ပြန်ခေါ်သက်သေများအဖြစ် စာရင်းတင်သွင်းထားခဲ့ပြီးဖြစ်သည်။ ၎င်းတို့အပြင် တရားလိုဘက်ကတင်ပြထားသည့် အခြားသက်သေများကို ခေါ်ယူစစ်ဆေးချင်သော်လည်း “တရားခွင်ကိုနှောင့် နှေးကြန့်ကြာအောင်လုပ်ခြင်းသည်၊ တရားမျှတမှုကို ငြင်းပယ်ခြင်းပင်ဖြစ်သည်” ဆိုသည့် တရားစီရင်ရေးမူသဘောကို လေးစားလိုက်နာသောအားဖြင့် စစ်ဆေးမေးမြန်းရာတွင် အကြောင်းမထူးနိုင်မည့် တရားလိုပြသက်သေများဖြစ်ကြသော ရယကဥက္ကဌများ၊ ရာအိမ်မှူးများကို ဖယ်ထုတ် ချန်လှပ်ထားခဲ့ရသည်။
တရားလို ဒုရဲမှူး တင်မောင်အေးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးမေးမြန်းရသောအခါ၊ ပထမဦးစွာ ပြောင်းလဲစွပ်စွဲလိုက်သည့် ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန်အတွက်
  • ပြစ်မှုဥပဒေပုဒ်မ- ၅၀၁ သည် အသရေဖျက်မှုအတွက် ပုဒ်မဖြစ်သည်ကို သိပါသလားဆိုသည့် မေးခွန်း
  • တစ်စုံတဦးကို အခြားတစုံတဦးက အသရေဖျက်သည်ဆိုရာတွင် လူနှစ်ဦးသို့မဟုတ် နှစ်ဦးထက်ပိုမိုသူများ ပါဝင်ရမည်ဆိုလျှင် – ဟုတ်ပါသလား ဆိုသည့်မေးခွန်းမျိုး
  • ကိုတင်ဝင်းရေးသားထားသည့် ကဗျာများထဲမှ မည်သည့်ကဗျာစာသားများက အသရေဖျက်စေသည့်ပြစ်မှုမြောက်သည်ဟု ထောက်ပြပြောဆိုနိုင်ပါလား – ဆိုသည့်မေးခွန်းမျိုး(ယင်းမေးခွန်းကို မေးမြန်းသည့်အချိန်တွင် “ခွပ်ဒေါင်းအားမန်” ဆိုသည့်စကားရပ်က ပြစ်မှုမြောက်စေပါသည်ဟု ပြန်လည်ဖြေဆိုလေသည်။) ထို့ကြောင့် -
  • ခွပ်ဒေါင်းအားမန်ဆိုသည့် စကားရပ်ကအသရေဖျက်စေသည့် ပြစ်မှုကိုမြောက်စေသည်ဟုဆိုလျှင် မည်သူ့ကို အသရေဖျက်သည်ဟု ညွှန်ပြပြောဆိုနိုင်ပါသလား – ဆိုသည့်မေးခွန်းမျိုး (ယင်းမေးခွန်းကို မေးမြန်းရာတွင် “နိုင်ငံတော်” ကိုအသရေဖျက်စေပါသည်ဟု ဖြေဆိုသည်) ထိုကြောင့် -
  • နိုင်ငံတော်ဆိုသည်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ရည်ညွှန်းပါသလား – ဆိုသည့်မေးခွန်းမျိုး (ယင်းမေးခွန်းကိုမေးမြန်းရာတွင် “မဟုတ်ပါ” ဟုဖြေဆိုသည်) ထို့ကြောင့်
  • အခြားသော နိုင်ငံအကြီးအကဲများကို ရည်ညွှန်းပါသလား – ဆိုသည့်မေးခွန်းမျိုး(ယင်းမေးခွန်းကိုလည်း “မဟုတ်ပါ” ဟုဖြေဆိုသည်)
ကျွန်တော်မေးခွန်းများ ဆက်လက်မေးမြန်းရန် မလိုလောက်အောင် အဓိပ္ပာယ်ကထွက်ပေါ်လာခဲ့ပါသည်။ ဒုရဲမှူး တင်မောင်အေးဖြေဆိုသည့် ဖြေဆိုချက်များအရဆိုလျှင် ကိုတင်ဝင်းရေးသားထားသည့် ကဗျာစာသားများသည် အသရေဖျက်မှုကို မြောက်စေသည်ဟုဆိုရာတွင်
၁။ အသရေဖျက်ခြင်းခံရသူ၊ အမှန်တကယ်တရားလိုဖြစ်ရမည့်သူမှာ ၎င်းကိုယ်တိုင် မဟုတ်ကြောင်းဝန်ခံထားပြီးဖြစ်ကာ
၂။ ၎င်းရည်ညွှန်းထွက်ဆိုသည့် နိုင်ငံတော်ဆိုသည့်တရားလိုမှာလည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖြစ် ရုံးရှေ့လာရပ်၍ တရားစွဲနိုင်သည်မျိုးလည်းမဟုတ် ဖြစ်နေပေတော့သည်။
တော်တော်ဂွတိဂွကျနိုင်သည့်အမှုဖြစ်သွားပါတော့သည်။ မေးခွန်းများဆက်၍ မေးရန်မလိုလောက်အောင်ပင် အဖြေက ရှင်းနေပေတော့သည်။ သို့ရာတွင် ကျွန်တော်ဆက်၍ မမေးဘဲ မနေနိုင်ခဲ့ပါ။ “ခွပ်ဒေါင်းအားမန်” သည် နိုင်ငံတော်ကိုအသရေဖျက်သည်မဟုတ် နိုင်ငံတော်ကို ကယ်တင်ခဲ့သည်ဖြစ်ကြောင်းကို ပေါ်လွင်အောင် ဆက်လက်မေးမြန်းချင်ပါသေး သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host