2013-02-18
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း (၂၀) ကျော်က ဒေသခံလူထုရဲ့ လက်မှတ်တွေ ကို ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီကနေ့မှာ စတင်စုဆောင်းပြီး ကုလသမဂ္ဂထံ တင်ပြသွားမယ်လို့ သိရပါတယ်။
အဲဒီလက်မှတ်စုဆောင်းတာကို သီတင်းတစ်ပတ်အတွင်း
အပြီးလုပ်ဆောင်သွားမယ်လို့ လက်ပန်းတောင်းတောင်အရေးမှာ ပါဝင်လှုပ်ရှားနေတဲ့
မြန်မာနိုင်ငံဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ် ကျောင်းသားများကွန်ရက်မှ တာဝန်ခံ
ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာ လက်ပန်းတောင်းတောင်ခြေမှာရှိတဲ့ သပိတ်စခန်းတွေကို အစိုးရက အင်အားသုံးဖြိုခွင်းတာနဲ့ ပတ်သက်ပြီး မီးလောင်ဗုံးသုံးဖို့ အမိန့်ပေးခဲ့တဲ့သူတွေကို အရေးယူပေးဖို့အတွက် ဒေသခံတွေ မနေ့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွဲရာမှာ အစိုးရဖက်က မီးလောင်ဗုံးအသုံးပြုခဲ့ခြင်း ရှိ၊ မရှိကို ကော်မရှင်ရဲ့ အစီရင်ခံစာထွက်မှသာ အတိအကျ ပြောနိုင်မယ်လို့ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ လွှတ်တော်ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက်နဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Justice Trust အဖွဲ့တွေက သပိတ်စခန်းကို ဖြိုခွဲရာမှာ White Phosphorus ခေါ် မီးလောင်စေတဲ့ မီးစုန်းဖြူပါဝင်တယ်လို့ ထုတ်ပြန်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက မေးမြန်းရာမှာ အဲဒီလို ပြန်လည်ဖြေကြားခဲ့တာပါ။

0 comments:
Post a Comment