Monday, February 18, 2013

လူထုနဲ့ တသားတည်းရှိတဲ့ အကြောင်း နော်ဝေရောက် ကိုမင်းကိုနိုင် ပြော

2013-02-18
၈၈မျိုးဆက်ကျောင်းသားတွေ ဟာ ပြည်သူလူထုနဲ့ တသားတည်းရှိနေတဲ့အကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
photo: 88 Generation Students
၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့ Litteraturhuse ခန်းမတွင် ပြည်ပရောက် မြန်မာ့လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြစဉ်
နော်ဝေနိုင်ငံ ထရွန်ဟမ်းမြို့နဲ့ အော်စလိုမြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံချိန်မှာ အဲဒီလို ပြောကြားလိုက်တာပါ။ နော်ဝေးနိုင်ငံရောက်နေတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ မြန်မာတိုင်းရင်းသားမျိုးစုံနဲ့ ထရွန်ဟမ်းမြို့မှာ စနေနေ့က တွေ့ဆုံခဲ့ပြီး အော်စလိုမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲတွေမှာ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေတွေကိုတင်ပြပြီး တက်ရောက်လာသူတွေက မေးမြန်းတာတွေကို ပြန်ဖြေကြားပါတယ်။ အော်စလိုမြို့ကတွေ့ဆုံပွဲမှာ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ဂီတပွဲတော်ရန်ပုံငွေနဲ့ ပတ်သက်လို့ မေးမြန်းတာကို ကိုပြုံးချိုက ဖြေကြားပါတယ်။
“ဂီတပွဲမှာ အဆိုတော်တွေဆိုတယ်၊ လက်မှတ်တွေ ရောင်းတယ်၊ ငွေကြေးတွေ လာလှူကြတယ်၊ ငွေကြေးတွေ လာလှူကြတော့ ဘာဖြစ်သလဲဆိုတာကတော့ ပထမဆုံးက ပိုက်ဆံမရှိတဲ့ လူတွေကစတယ်၊ တဖြေးဖြေးနဲ့က ပိုက်ဆံရှိတဲ့ လူတွေဝင်လာတယ်၊ ပိုက်ဆံရှိတဲ့ လူတွေထဲမှာမှ ခုလောလောဆယ် တကယ့်ကို ကျယ်ကျယ်လောင်လောင်ပြောနေတဲ့ ခရိုနီတွေပါ လှူလာကြတယ်၊ ဖြစ်ပုံက ပွဲကိုဝန်ကြီးနှစ်ပါး လာတက်တယ်၊ ဝန်ကြီးနှစ်ပါး တစ်သိန်းစီလှူတယ်၊ ကျန်တဲ့လူတွေက မနေနိုင်လို့ လိုက်လှူရတာဖြစ်တယ်၊ သူတို့ရဲ့ယဉ်ကျေးမှုအရ ဒီဟာကြီးကို စီစဉ်သွားတာဖြစ်တယ်၊ အဲတော့ စင်ပေါ်တက်ပြီးလှူတဲ့ကိစ္စကို အကိုတို့က မင်းတို့မလှူရဘူး၊ သူတို့လှူပါလို့ ပြောလို့မရဘူး”
နော်ဝေးနိုင်ငံ ထရွန်ဟမ်းမြို့ IsFit လို့ခေါ်တဲ့ The International Student Festival in Trondheim  ထရွန်ဟမ်းမြို့ နိုင်ငံတကာကျောင်းသားပွဲတော်က ၂ဝဝ၁ ခုနှစ်ကချီးမြှင့်တဲ့ ကျောင်းသား ငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ ကိုမင်းကိုနိုင်ဟာ နော်ဝေနိုင်ငံ ရောက်ရှိနေတာဖြစ်ပြီး  သောကြာနေ့ညမှာ ဆုကိုလက်ခံရယူခဲ့ပါတယ်။
ကိုမင်းကိုနိုင်ဟာ လူ့အခွင့်အရေးအတွက် စွန့်လွှတ်အနစ်နာခံကြတဲ့ ရဲဝံ့ပြောင်မြောက်တဲ့ ကျောင်းသားတွေထဲကတဦးဖြစ်ပြီး နောက်ဆုံးတော့ဒီဆုကို လာရောက်လက်ခံရယူနိုင်ပါပြီလို့ နိုင်ငံတကာ ကျောင်းသားပွဲတော် အင်တာနက် ဝက်ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီပွဲတော်ဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ကျောင်းသားပွဲတော်ဖြစ်ပြီး  ၁၁၆ နိုင်ငံက ကျောင်းသား ၅ဝဝ လောက် တက်ရောက်တဲ့ ပွဲတော်ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲတွေအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host