Wednesday, December 12, 2012

လွှတ်တော်အတွင်း ဆွေးနွေးမှု အစိုးရမီဒီယာ ဘက်လိုက်ဖေါ်ပြ

လွှတ်တော်အတွင်း ဆွေးနွေးတင်ပြချက်များကို သတင်းထုတ်ပြန်ရာတွင် အစိုးရမီဒီယာများက ဘက်လိုက်ဖေါ်ပြမှု ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက ဝေဖန်ပြောဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးတွင် တွေ့ဆုံစဉ် (Photo: AP)
လွှတ်တော်အတွင်း ကိုယ်စားလှယ်များ၏ အသေးစိတ် ဆွေးနွေးမှုများကို အစိုးရမီဒီယာများတွင် ဖော်ပြခြင်း မရှိပဲ ဆွေးနွေးသည့် အကြောင်းအရာမျှကိုသာ အနည်းအကျဉ်း ဖော်ပြပြီး အစိုးရ၊ ဝန်ကြီးများနှင့် တာဝန်ရှိသူတို့၏ ရှင်းလင်းချက်များကိုသာ အပြည့်အစုံ ဖော်ပြနေကြောင်း မွန်ပါတီမှ ဒေါက်တာဗညားအောင်မိုးက ပြောသည်။
“သတင်းထုတ်ပြန်တာနဲ့ ပတ်သက်ပြီးတော့၊ ကျနော်တို့ လွှတ်တော်အမတ်တွေက မျက်နှာငယ်နေရသေးတယ်၊ ကျနော်တို့ လွှတ်တော်မှာ ဆွေးနွေးထားတဲ့ သတင်းတွေ မှန်မှန်ကန်ကန် ကျယ်ကျယ်ပြန့်ပြန့် ပြည်သူ့ဆီ မရောက်သေးဘူး” ဟု ရေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ပြောသည်။
“ကျနော်တို့အနေနဲ့လည်း သတင်းလွတ်လပ်မှု ပိုမိုရရှိအောင် ဆက်ပြီး ကြိုးစားသွားမယ်” ဟု သူက ဆက်ပြောသည်။
၎င်းပြင် အစိုးရအနေနှင့် တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်၍လည်း လွှတ်တော်တွင် မဆွေးနွေးစေလိုပဲ ဖွံ့ဖြိုးရေး အကြောင်းအရာများကိုသာ ဦးစားပေး ဆွေးနွေးစေလိုကြောင်း သူက ပြောသည်။
ဒေါက်တာဗညားအောင်မိုးက ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်စာပေ သင်ကြားခွင့်နှင့် ပတ်သက်၍ တင်ပြခဲ့သော်လည်း ၎င်း၏ တင်ပြချက်နှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင်ပင် တိုင်းရင်းသားစာပေသင်ကြားခွင့်နှင့် ပတ်သက်၍ ဥပဒေကြမ်းတရပ် တင်ပြခဲ့သော်လည်း ဆွေးနွေးရန် အချိန်မရှိသဖြင့် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးရန် ရွှေ့ဆိုင်းထားခဲ့သည်။ မြန်မာအစိုးရက ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးကို ပြီးခဲ့သည့်လမှ စ၍ ရပ်နားထားသည်။
“တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးရင် သူတို့က သိပ်ပြီး မဆွေးနွေးချင်ဘူး။ အချိန်ဆွဲထားချင်သလိုပဲ” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။
“တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ အချိန်ဆွဲဆွဲ၊ ဘယ်လိုပဲ ရှောင်ချင်ရှောင်၊ ကျနော်ကတော့ ဆက်ပြီး တင်ပြသွားမှာပဲ။ သူတို့ ကြိုက်တာ မကြိုက်တာ အပထား။ တိုင်းရင်းသားတွေရဲ့ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လုပ်ရမှာပဲ” ဟု သူက ပြောသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host