ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေး စက်မှုဇုန်တွင် သံမဏိစက်ရုံနှင့်
အခြားဓာတ်မြေသြဇာစက်ရုံအပြင် ရေနံဓာတု ကုန်ချောထုတ်လုပ်သည့် စက်ရုံများ
တည်ဆောက်ရန်အတွက် မြေဧရိယာ ၄ သောင်းရိုင် (၁၅ ၈၁၄ ဧက) ကို အသုံးပြုမည်
ဖြစ်ပြီး၊ ထိုင်းဘတ်ငွေ ၃၀၀ ဘီလျံ ရင်းနှီးမည် ဖြစ်ကြောင်း အီတာလျံ-ထိုင်း
ဖွံ့ဖြိုးရေး ကုမ္ပဏီ ဥက္ကဌက ထုတ်ဖော် ပြောကြားသည်။
ကုမ္ပဏီ ဥက္ကဌ ဖြစ်သူ Premchai
Karnasuta က ၎င်းစက်ရုံ တည်ဆောက်မှုများကို လာမည့် ၂၀၁၅ ခုနှစ်တွင်
ပြီးစီးမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
သံမဏိစက်ရုံ တည်ဆောက်ရာတွင် မြေဧရိယာပေါင်း တသောင်းနှစ်ထောင်ရိုင် (၄၇၄၄ ဧက) လိုအပ်မည် ဖြစ်ပြီး အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက ၎င်းလုပ်ငန်းအတွက် ဂျပန်နှင့် ဖက်စပ်လုပ်ကိုင်သွားမည် ဖြစ်သည်။
စက်ရုံမှ တနှစ်လျှင် သံမဏိ ၁၀ မီလျံတန် ထုတ်လုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားပြီး အခြား အီလက်ထရောနစ်နှင့် စက်ရုံသုံး ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်မည် ဖြစ်သည်။
လက်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်သည် ထိုင်းနိုင်ငံ အရှေ့ပိုင်း ရယောင်းခရိုင်ရှိ မတ္တာပွတ် စီးပွားရေးဇုန်နှင့် အရွယ်အစား တူညီသော်လည်း ခြားနားမှုတခုမှာ ထားဝယ် ရေနက်ဆိပ်ကမ်းတွင် တန်ချိန် ၈ သောင်း တင်ဆောင်နိုင်တဲ့ သင်္ဘောကြီး ၅၅ စီး တပြိုင်တည်း ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းတခု ဖြစ်သည်။
ထိုင်းနိုင်ငံမှ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ရှိရာသို့ ကုန်ကြောင်းလမ်း ၁၃၂ ကီလိုမီတာခန့် ဖောက်လုပ်ပြီးစီးနေပြီး ရေနက်ဆိပ်ကမ်းကို မကြာမီ စတင်တည်ဆောက်တော့မည် ဖြစ်သည်။
၎င်းရေနက်ဆိပ်ကမ်းကို ၄ နှစ်အတွင်း ဆောက်လုပ်ပြီးစီးမည် ဖြစ်ကာ စီမံကိန်းတခုလုံးကို ၁၀ နှစ်အတွင်း ပြီးစီးလိမ့်မည်ဟု ခန့်မှန်းထားသည်။
အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီသည် မြန်မာအစိုးရနှင့် ၇၅ နှစ် ရင်းနှီးမြုပ်နှံမှု သဘောတူညီချက် စာချုပ် ချုပ်ဆိုထားပြီး ဆောက်လုပ်ရေး စီမံကိန်းအတွက် မြေဧရိယာ ၁၆၀ ၀၀၀ ရိုင် (၆၃ ၂၅၈ ဧက) ရရှိထားသည်။ ကုန်ကြောင်း ဆက်သွယ်မှုတွင် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယနှင့် အခြားနိုင်ငံများသို့ ဆက်သွယ်နိုင်ရန် စီစဉ်ထားပြီး ၁၀ နှစ်ကြာ စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၈ ဘီလျံခန့် ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။
ကုမ္ပဏီ၏ အတွင်းသတင်းများ၏ အဆိုအရ စက်ရုံလည်ပတ်မှုအတွက် လိုအပ်သည့် လျှပ်စစ်ဓါတ်အား ရရှိရန် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက ထိုင်းနိုင်ငံရှိ ရေနံထုတ်လုပ်သည့် PTT ကုမ္ပဏီနှင့် ညှိနှိုင်းမှု ပြုလုပ်နေပြီး လျှပ်စစ်မဂ္ဂါဝပ် (၃၀၀၀) ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စီစဉ်လျက် ရှိသည်။
မှတ်ချက် - ဘန်ကောက်ပို့စ်မှ ဘာသာပြန်ထားခြင်းဖြစ်သည်
![]() |

0 comments:
Post a Comment