Wednesday, December 12, 2012

ပေါင်မြို့ မိုးနိုင်းမီးဘေး ကလေးငယ်နှစ်ဦး သေဆုံး

ယနေ့ နံနက် ၆ နာရီခန့်တွင် ပေါင်မြို့ မိုးနိုင်းရပ်ကွက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ကလေးငယ်နှစ်ဦး မီးဘေးကြောင့် သေဆုံးသွားကြောင်း ဒေသခံများနှင့် အစိုးရ ပြန်ကြားရေးဌာနက ပြောသည်။

ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အိမ်ခြေ ၉ လုံး မီးစွဲလောင်သည်ဟု ဆိုသော်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၁၃ လုံးဟု ဆိုသည်။

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ နေဝင်စအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ် (၁) ဈေးကြီး မီးလောင်က္ပျွမ်းစဉ် (Photo - Freelance Reporter)
နိုင်ဂျပန်အိမ် ထင်းမီးဖိုမှ စတင်လောင်ကျွမ်းသည့် မီးကြောင့် အသက် ၉ နှစ်အရွယ်နှင့် ၆ နှစ်အရွယ် ၎င်း၏ သမီးငယ်နှစ်ဦး မီးဘေးကြောင့် သေဆုံးခဲ့ရကာ လူဦးရေ ၅၀ ကျော်လည်း အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

“အဖွားကြီးက ထမင်းချက်ပြီး ဈေးသွားနေတဲ့အချိန်၊ အဖိုးကြီးက အလှူအိမ် သွားနေတဲ့အချိန် ကလေးနှစ်ယောက်က အိမ်ထဲမှာ အိပ်ပျော်နေတယ် ဆိုတော့ မီးလောင်တဲ့အချိန်မှာ အိမ်မှာ ပိတ်မိပြီး ဆုံးသွားတယ်” ဟု ပြန်/ဆက် ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ကာလတန်ဖိုး သိန်း ၆၀ ကျော် ဆုံးရှုံးခဲ့သည်ဟု ပြန်/ဆက်က ဆိုသော်လည်း ဒေသခံများကမူ သိန်း ၂၀၀ ဝန်းကျင် ဆုံးရှုံးမှု ရှိသည်ဟု ဆိုသည်။

မီးလောင်ရာသို့ ပေါင်မြို့၊ ဇင်းကျိုက်မြို့နှင့် မုတ္တမမြို့မှ မီးသတ်ကား ၅ စီး လာရောက်ငြှိမ်းသတ်ပြီးနောက် နံနက် ၇ နာရီခန့်တွင် မီးငြိမ်းသွားသည်ဟု ဒေသခံများက ပြောသည်။

မီးဘေးကြောင့် အိုးအိမ်မဲ့သူများကို မိုးနိုင်းရပ်ကွက်ရှိ အမက ကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်ပြီး စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များကို အကူအညီ ပေးနေကြောင်းလည်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်လည်း မိုးနိုင်းရပ်ကွက်နှင့် ၆ မိုင်ခန့် ဝေးသည့် ဇိုင်ကျိုက်မြို့တွင် အိမ်ခြေ ၁၂၄ လုံး မီးလောင်ခဲ့ခြင်းကြောင့် လူဦးရေ ၉၉၃ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

မော်လမြိုင်-ရန်ကုန် မီးရထားလမ်းနှင့် အဝေးပြေး မော်တော်ကားလမ်းဘေးတွင် တည်ရှိသည့် ပေါင်မြို့၊ မိုးနိုင်ရပ်ကွက်သည် အိမ်ခြေတထောင်ကျော် ရှိပြီး ရန်ကုန်မှ ၂၆၁ မိုင်၊ မော်လမြိုင်မှ ၁၈ မိုင် ကွာဝေးသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host