Wednesday, December 12, 2012

အစိုးရ၏ ငြိမ်းချမ်းရေးကိစ္စ မွန်ပြည်သစ်ကို သတိကြီးစေလို

အစိုးရ၏ အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်ရေး ဖော်ဆောင်ရာတွင် လက်ရှိ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုမှုသည် ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ ပြောဆိုမှုနှင့် ခြားနားမှု မရှိကြောင်း မွန်နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။
မွန်အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ ဥက္ကဌ ဖြစ်သူ နိုင်စွန်းထွန်က “အရင်တုန်းကဆို ဦးခင်ညွန့် က မွန်တို့ရဲ့ လိုအပ်ချက်တွေ အမျိုးသားညီလာခံမှာ တင်ပြပါလို့ ပြောတယ်။ အခု ဦးအောင်မင်းကလည်း မွန်တို့ရဲ့ လိုအပ်ချက်တွေ ပါလီမာန်မှာ တင်ပြလို့ ရတယ်လို့ ပြောပြန်တယ်” ဟု ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တော်များ ဖြစ်ကြသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့် (ဝဲ) နှင့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း (ယာ)
ယခင်က အမျိုးသား ညီလာခံတွင် မွန်ပြည်သစ်ပါတီ၏ တင်ပြချက်များ ပယ်ချခံရသကဲ့သို့ ယခု ပါလီမန်တွင် တင်ပြပါကလည်း ပယ်ချခံရဖွယ် ရှိကြောင်း သူက ပြောသည်။
အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၌ ပထမအကြိမ် ပဏာမ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအတွင်း ဦးအောင်မင်းက တိုင်းရင်းသားများ၏ ခံစားချက်ကို မိမိအနေနှင့် နားလည်မှု ရှိကြောင်း၊ မကြာမီ အစိုးရအနေနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိအစိုးရသည် ယခင်အစိုးရကဲ့သို့ မဟုတ်ပဲ ဒီမိုကရေစီစနစ် ဖော်ဆောင်လိုစိတ် ရှိကြောင်း၊ မွန်ပြည်သစ်ပါတီအနေနှင့် ယုံကြည်မူ တည်ဆောက်သည့် ပထမခြေလှမ်းတရပ်အဖြစ် လာမည့် ဇန်နဝါရီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးစေလိုကြောင်း ပြောကြားခဲ့သည်။
၎င်းပြင် မွန်ပြည်သစ်ပါတီက တင်ပြသည့် မွန်ပြည်နယ်အတွင်း မွန်စာပေ တရားဝင် သင်ကြားခွင့်နှင့် ပတ်သက်၍ ၎င်းအနေနှင့် ဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အငြိမ်းစား ဗိုလ်မှူးကြီး နိုင်ကောင်းရွတ်က “သူတို့ ပြောသမျှကို မယုံမိဖို့ သတိကြီးကြီး ထားဖို့ လိုတယ်။ အတိတ်က သင်ခန်းစာတွေ ပြန်လေ့လာဖို့ လိုတယ်” ဟု ပြောသည်။
သို့သော်လည်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှူဆောင်ဟောင်း ဖြစ်သည့် ငြိမ်းချမ်းရေး အကျိုးဆောင် နိုင်တင်အောင်ကမူ အစိုးရ ကိုယ်စားလှယ်နှင့် မွန်ပြည်သစ်ပါတီ၏ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး ဖြစ်မြောက်ရန်အတွက် အလားအလာကောင်းများ ရှိကြောင်း ပြောသည်။
မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်သည့် နိုင်ဟံသာက အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး တင်ပြခွင့်များ ရရှိသည့်အတွက် အားရကျေနပ်မှူ ရှိကြောင်း ပြောသည်။

နိုင်စွန်းထွန် ကမူ “အကောင်းဘက်ကချည်း သိပ်မမြင်ပါသေးနဲ့လို့ ကျနော် သူ့ (နိုင်ဟံသာ) ကို ပြောတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဦးအောင်မင်းရဲ့ ပြောဆိုမှုတွေဟာ အရင်တုန်းက ဦးခင်ညွန့် ပြောခဲ့တာနဲ့ ထပ်တူထပ်မျှ ဖြစ်နေလို့ပါပဲ” ဟု ပြောသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host