Saturday, December 15, 2012

ထိုင်းဝန်ကြီးချုပ် မြန်မာပြည် ခရီးစဉ် မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူများ စိုးရိမ်

ထိုင်းဝန်ကြီးချုပ်၏ ၂ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။

ခရီးစဉ်တွင် မစ္စယင်းလပ် ရှင်န၀ပ်က မြန်မာနိုင်ငံတွင် ကျင်းပနေသည့် စတုတ္ထအကြိမ်မြောက် မဲခေါင်မြစ် ၆ နိုင်ငံ ထိပ်သီးအစည်းအဝေးကို တက်ရောက်မည် ဖြစ်ပြီး၊ မြန်မာအာဏာပိုင်များနှင့် သီးခြား တွေ့ဆုံမည် ဖြစ်သည်။ တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို ဆွေးနွေးလိမ့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားထားသည်။

ထိုင်းဝန်ကြီးချုပ် မစ္စယင်းလပ် ရှင်နဝပ်၏ ပထမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ သမတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် (Photo: Irrawaddy)
မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူများက ထိုင်းစီးပွားရေး ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုပါက ဒေသခံ မြန်မာနိုင်ငံသားများ၏ ဆန္ဒနှင့် အခွင့်အရေးကို လေးစားသင့်သည်ဟု ပြောသည်။
မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း တာဝန်ခံ နိုင်ဦးမွန်က “အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီဟာ အစိုးရတခုတည်းနဲ့ သဘောတူညီချက် ယူပြီးတော့ ဒေသခံတွေအပေါ် လုပ်ချင်တိုင်း မလုပ်သင့်ဘူး” ဟု ပြောသည်။
ထိုင်းစီးပွားရေး ကုမ္ပဏီများအနေနှင့် ဒီမိုကရေစီ အခြေခံ ရှိသည့် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကြောင့် ဒေသခံ ထိုင်းနိုင်ငံသားများအား နစ်နာကြေး များစွာ ပေးနေရသည့်အတွက် ဒီမိုကရေစီ အခြေမကျသေးသည့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အတင်းအဓမ္မ နေရာပြောင်းရွှေ့မှု အခြေအနေများကို အနီးကပ် စောင့်ကြည့်နေသည့် ကရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူ တဦးဖြစ်သည့် စောဖရန်ကီက ထားဝယ်ရေနက်ဆိပ်ကမ်း စီပွားရေးဇုန်ကြောင့် ရွာကြီး ၅ ရွာမှ လူနေအိမ်ခြေပေါင်း ၁၈၈၀ ရှိ လူဦးရေပေါင်း ၁၂ ၇၀၀ ခန့် ပြောင်းရွှေ့ခံရဖွယ် ရှိကြောင်း ပြောသည်။
၎င်းရွာကြီး ၅ ရွာသည် အထူးစီးပွားရေးဇုန် ဧရိယာတွင် တည်ရှိပြီး အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက ရွာသားများအတွက် ထားဝယ်မြို့၏ အနောက်မြောက်ဘက် ဘာဝရွာနှင့် ဘာဝဆိပ်ကမ်းအကြားသို့ ပြောင်းရွှေ့နေရာချထားမည် ဖြစ်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်း ဖောက်လုပ်ရာတွင် ဖျက်ဆီးခံရသည့် ဒေသခံ ပြည်သူများ၏ မြေရာများကို အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက စာရင်းဇယား ကောက်ယူထားပြီး နိုဝင်ဘာလတွင် လျော်ကြေးပေးမည်ဟု ပြောထားသော်လည်း ယနေ့ထိ ဒေသခံပြည်သူများ လျော်ကြေးငွေ မရရှိသေးကြောင်း စောဖရန်ကီက ပြောသည်။
မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့သည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်ကို အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီအား တည်ဆောက်ရန် သဘောတူညီမှု ပြုခဲ့သည်။
လက်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်သည် ထိုင်းနိုင်ငံ အရှေ့ပိုင်း ရယောင်းခရိုင်ရှိ မတ္တာပွတ် စီးပွားရေးဇုန်ထက် ၈ ဆ ကြီးမားသည်။ မတ္တာပွတ် စီးပွားရေးဇုန်ကြောင့် ပတ်ဝန်းကျင်ရှိ ထိုင်းပြည်သူများ ကင်ဆာရောဂါ ဖြစ်ပွားခဲ့ရသည်။
မတ္တာပွတ် စီးပွားရေးဇုန်တွင် ကုမ္ပဏီက ထိုင်းဘတ်ငွေ ၃၇၀ ၀၀၀ သန်းခန့် ရင်းနှီးမြှုပ်နှံခဲ့ရပြီး ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်တွင် ထိုင်းဘတ်ငွေ ၃၀၃ ၀၀၀ သန်းခန့် ရင်းနှီးမြှုပ်နှံထားသည်။
ထိုင်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများက ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေး စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရူံးမှုနှင့် ဒေသခံများ မတ္တာပွတ် စီးပွားရေးဇုန်အနီးရှိ ထိုင်းပြည်သူများကဲ့သို့ ရေတွင် အဆိပ်သင့်ပြီး ကင်ဆာရောဂါ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ပြောသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host