Saturday, December 15, 2012

ကချင်ဒုက္ခသည်အတွက် ဒိန်းမတ်ရောက် မွန် ချင်း ပူးပေါင်းပြီး ရန်ပုံငွေရှာ

စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြသည့် ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ရန်အတွက် ဒိန်းမတ်နိုင်ငံရောက် မွန်နှင့် ချင်းတိုင်းရင်းသားတို့ ပူးပေါင်းပြီး ရန်ပုံငွေ ရှာဖွေရေး ဖျော်ဖြေပွဲ တခုကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပသွားခဲ့ပါသည်။

ဖျော်ဖြေပွဲတွင် ကချင် စစ်ပြေးဒုက္ခသည်များအတွက် စေတနာရှင်များက အလှူငွေ ထည့်ဝင်ကြစဉ် (Photo: Htaw Monzel)
ဖျော်ဖြေပွဲသို့ ဒိန်းမတ်နိုင်ငံသားများ အပါအဝင် လူတရာကျော် တက်ရောက်အားပေးခဲ့ပြီး တက်ရောက်လာသူများက စေတနာအလျှောက် အလှူငွေများ ထည့်ဝင်ကြကာ စုစုပေါင်း ဒိန်းမတ်ငွေ (၁၁၆ ၈၉) ခရိုနာ ရရှိကြောင်း ဖျော်ဖြေပွဲ စီစဉ်သူ နိုင်ပီထောမွန်ဇြာက ပြောသည်။
သူက “ချင်းအဆိုတော် ကပ်ချွန်းက ကချင်ဒုက္ခသည်တွေကို ဘယ်လိုကူညီရင် ကောင်းမလဲလို့ ကျနော့်ကို လာပြောတယ်။ ပြီးတော့ ဒီမှာ ရှိတဲ့ မွန်တွေနဲ့ ကျနော် ညှိနှိုင်းတယ်။ ပြီးတော့ မွန်နဲ့ ချင်း ပေါင်းပြီ အစည်းအဝေးတခု လုပ်တယ်။ ဒါနဲ့ ဒီဖျော်ဖြေပွဲ ဖြစ်မြောက်လာတာပါ” ဟု ဖျော်ဖြေပွဲ ဖြစ်မြောက်လာပုံကို ပြောသည်။
ဖျော်ဖြေပွဲအတွက် အချိုရည်နှင့် ဘီယာများကို ဒိန်းမတ်နိုင်ငံရှိ အချိုရည် အရောင်းဆိုင်နဲ့ ဘီယာကုမ္ပဏီတခုတို့က စေတနာဖြင့် လှူဒါန်းပေးပြီး ရန်ပုံငွေအတွက် ၎င်းအချိုရည်နှင့် ဘီယာများကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချခဲ့သည်။
“ကျနော်တို့က ငွေကြေးသက်သက် ရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ပါဘူး။ အဓိက အခု ကချင်ဒေသမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲအခြေအနေရယ်၊ ပြီးတော့ အခြားနယ်တွေမှာ ဖြစ်နေတဲ့ အခြေအနေတွေကိုရယ် လူအများက သိဖို့ စိတ်ဝင်စားလာဖို့ ရည်ရွယ်ပြီးတော့ ကျင်းပရတာ ဖြစ်တယ်” ဟု နိုင်ပီထဝ်က ပြောသည်။
လက်ရှိ ကချင်ဒေသတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မူများနှင့် စစ်ကြောင့် တရုတ်နယ်စပ်သို့ ထွက်ပြေးလာသည့် ဒုက္ခသည်များကို ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းများကို ဖျော်ဖြေပွဲသို့ တက်ရောက်သူများအား ပြသခဲ့သည်။
ဖျော်ဖြေပွဲတွင် ချင်းတိုင်းရင်းသားများက ချင်းခေတ်ပေါ် တေးသီချင်းများနှင့် မွန်တိုင်းရင်းသားများက မွန်ခေတ်ပေါ် သီချင်းအပါအဝင် မွန်ရိုးရာ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ဖျော်ဖြေပွဲမှ ရရှိသော ငွေကြေးများကို ကချင်ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့သို့ လွှဲအပ်ပေးသွားမည် ဖြစ်ကြောင်း နိုင်ပီထဝ်က ပြောသည်။
ဒိန်းမတ်နိုင်ငံတွင် မွန်တိုင်းရင်းသား တရာကျော်နှင့် ချင်းတိုင်းရင်းသား တရာခန့် ရှိကြောင်း သိရသည်။
မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကို ခံရသော ကချင်လွတ်လပ်ရေး တပ်မတော်နှင့် ကချင်ပြည်သူများအတွက် ဝမ်းနည်းကြောင်းနှင့် စာနာကြောင်းကို နိုင်ငံတကာရောက် မွန်အဖွဲ့အစည်းက ဇွန်လတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
“မွန်နဲ့ ကချင်ဟာ ဘာသာစကားလည်း မတူဘူး၊ ကိုးကွယ်တဲ့ ဘာသာလည်း မတူဘူး၊ စာပေအရလည်း တူညီမူ မရှိဘူး၊ ဒါပေမဲ့ တခု တူညီတာက စစ်အစိုးရရဲ့ စစ်ဖိနှိပ်မှုဒဏ်ကို ကျနော်တို့ အတူတူ ခံစားနေရတာပဲ” ဟု ဒိန်းမတ်နိုင်ငံရောက် နိုင်ဖိုးကောင်းက ပြောသည်။
“ကျနော်တို့ဟာ ဘဝတူ တိုင်းရင်းသားတွေပဲ၊ တယောက်နဲ့ တယောက် ကူညီရမှာပေါ့” ဟု သူက ဆက်လက်ပြောကြားသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host