Wednesday, December 12, 2012

မွန်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ နိုင်မတ်ဒိပ် နှင့် တွေ့ဆုံမေးမြန်းချက်

မွန်အမျိုးသားနေ့ နှင့် အမေရိကန် အခြေစိုက် မွန်ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (Monland Restoration Council) ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံဆိုင်ရာ Kaowao သတင်းထောက် ကွန်းယက္ခ၏ မေးမြန်းချက်ကို မွန်ပြည်ပြန်လည် ထူထောင်ရေးကောင်စီ သတင်းပြန်ကြားရေး ဒုတာဝန်ခံ နိုင်မတ်ဒိပ် က ဖြေကြားထားသည်။

Kaowao။           ။ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ပြောပြပေးလို့ရမလား။
နိုင်မတ်ဒိပ်။          ။ ရပါတယ်။ ဒီအကြောင်းပြောရင် ဆရာမွန်ဖိုးချိုကနေ စရမယ်။ ဆရာက ရွှေတောင်သား။ ပြည်ဘက်က ရွှေတောင်ပါ။ ဆရာက မွန်တိုင်းရင်းသား အစည်းအဝေး အစည်းအရုံး ဥက္ကဋ္ဌ၊ ပြီးတော့ ဖဆပလ အဖွဲ့ချုပ် အဖွဲ့ဝင်၊ (၁၉၄၆)ခု၊ ပငရွာ အစည်းအဝေးမှာ မွန်အမျိုးသားနေ့တစ်ရပ် ကျင်းပဖို့ ပထမဆုံး ဆရာက အဆိုပြုတယ်။ အဆိုကို တစ်ခဲနက် ထောက်ခံကြတယ်။ နောက်နှစ် ကမာဝက်မှာ ကျင်းပတဲ့ပြည်လုံးကျွတ် ညီလာခံမှာလည်း ထပ်ပြီးတော့ အတည်ပြုတယ်။ ကျင်းပဖြစ်တာက (၁၉၄၈)မှာပါ။ ကွမ်ရိုက်ဆရာတော် ဘဒန္တ ကုသလ နဲ့ ဆရာ မွန်ဖိုးချို တို့ ဦးဆောင်တယ်။ ပထမဆုံး မွန်အမျိုးသားနေ့ကို မော်လမြိုင်ခရိုင်၊ ဘီလူးကျွန်း၊ ရွာလွတ်ကျေးရွာမှာ ကျင်းပခဲ့တယ်လို့ သိရတယ်။

Kaowao။          ။ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ဖြစ်တာက ။
နိုင်မတ်ဒိပ်။         ။ ဒီနေ့ရက်ကို ကမာဝက်ရွာသား နိုင်ထောအားက အကြံပြုထားတာပါ။ ဗဂိုးမြို့ တည်ထောင်တဲ့နေကို ယူ ထားတာပါ။ ဗဂိုးမြို့ကို မွန်ရာဇဝင်အရ တတိယပရိစ္ဆေဒနှစ် (၅၀၄)ခု မှာ တည်ထောင်ခဲ့ကြောင်း သိရတယ်။ မွန်မင်းဆက် ကျမ်းပြုဝေါဆရာတော်က တတိယ ပရိစ္ဆေဒ(၅၀၄)ခုမှာ ယူပါတယ်။ ကျနော်တို့ကတော့ သာသနာနှစ်ကိုပဲ ကြိုက်တယ်။ ဒီတော့ သာသနာနှစ်(၁၁၁၆)ခု၊ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ တနလာင်္နေ့မှာ ဟံသာဝတီပြည် ဗဂိုး(ပဲခူး)မြို့ကို တည်ထောင်ခဲ့တယ်။ ဒီဟံသာဝတီပြည် ဆိုတာဟာလည်းပဲ ဦးအောင်ဇေယျ ဖျက်ဆီးလိုက်တဲ့ အချုပ်အခြာ အာဏာပိုင် နောက်ဆုံး မွန်ဘုရင့်နိုင်ငံတော်ကြီး ဖြစ်နေတယ်။ ဒီတော့က နိုင်ထောအားရဲ့အဆိုကို အားလုံးသဘောတူကြတယ်။

Kaowao။          ။မွန်အမျိုးသားနေ့ကို ကျင်းပပြီး သမိုင်းဒဏ်ရာကို ဆွနေလို့ကတော့ ဘာမှအကျိုးမရှိနိုင်ဘူး လို့ အချို့က ဝေဖန်ကြတယ်။ အမှန်တကယ်ပဲ အဲလိုမျိုးရည်ရွယ်ချက်နဲ့ မွန်အမျိုးသားနေ့ကို ကျင်းပနေ သလားခင်ဗျ။
နိုင်မတ်ဒိပ်။         ။အဲဒီလိုမျိုး မဟုတ်ပါဘူး။ ဒီစကားမျိုးကို ဗမာတိုင်းရင်းသားတွေက အဓိက ပြောကြပါတယ်။ ဟံသာဝတီပြည် တည်ထောင်ချိန်အစမှာ ညီနောင် ဗမာတိုင်းရင်းသားတွေ ဗမာပြည်ကို မရောက်သေးပါဘူး။ မွန်အမျိုးသားနေ့လည်းပဲ ဗမာတိုင်းရင်းသားတွေကို မရွယ်ရည်ပါဘူး။ အမျိုးသား သွင်ပြင်လက္ခဏာကို ကာကွယ်ထိန်းသိမ်းဖို့၊ အမျိုးသားရေးစိတ်ဓါတ်ကို မြှင့်တင်ဖို့ မွန်တွေက ကိုယ့်အမျိုးသားနေ့ကို ကိုယ်ဟာကိုယ် ကျင်းပပိုင်ခွင့် ရှိပါတယ်။ အမှန်မှာတော့ ရာမညတိုင်း ဟံသာဝတီပြည်ကို မွန်တွေက အဦးအစ တည်ထောင်ခဲ့တာ မှန်ပေမယ့် ကြီးပွားတိုးတက်အောင် ဗမာတိုင်းရင်းသားတွေလည်း တတပ်တအား ပါဝင်ခဲ့ကြတဲ့ သမိုင်းအစဉ် အလာကြီး ရှိပါတယ်။ ဒါကြောင့် မွန်အမျိုးသားနေ့ကို ဗမာအပါအဝင် ညီနောင် တိုင်းရင်းသားများအားလုံး လာရောက် အားပေးစေချင်ပါတယ်။

Kaowao။          ။ဒါပေမဲ့ မွန်အမျိုးသားနေ့ကို မွန်တွေပဲ လာနိုင်ပြီး ကျန်တဲ့တိုင်းရင်းတွေ လာရောက်အားပေး လို့ မရဘူးလို့ အချို့ဖော့ဝိန်းမြို့ခံတွေက ပြောကြတယ်။ အဲဒါမှန်လား။
နိုင်မတ်ဒိပ်။         ။မှားတယ်။ မွန်အမျိုးသားနေ့ကို လူတိုင်း လာရောက်အားပေးလို့ရတယ်။ ဒါပေမဲ့ ကဖျက်ယဖျက် မလုပ်ဖို့တော့ လိုတာပေါ့။ ဒီနှစ် မွန်အမျိုးသားနေ့ကို ညီနောင် ကရင်တိုင်းရင်းသားတွေ လာရောက် အားပေးကြတယ်။ ကျနော်တို့အများကြီး ဝမ်းသာတယ်။ အထူးသဖြင့် မွန်တီးဝိုင်းအဖွဲ့ကို ကူညီပေးတဲ့ ကိုစောကိုနိုင်၊ ကိုဝါရှင်တန် နဲ့ ကိုမူရှီတို့ကို ကျနော်တို့ကျေးဇူးတင်ရမယ်။ ပြီးတော့ အမေရိကန် လူမျိုးတွေ၊ အထူးဧည့်သည်တော်တွေ လာရောက် အားပေးတဲ့အတွက် မွန်အမျိုးသားနေ့ အခမ်းအနားက အတော်လေးကို စည်းကားပါတယ်။

Kaowao။          ။ဖော့ဝိန်းမြို့ မွန်အမျိုးသားနေ့ကို အမျိုးသားနေ့ကျင်းပရေးကော်မတီက တာဝန်ယူ ကျင်းပခဲ့တာ မှန်ပေမဲ့ MRC ရဲ့တစ်စိတ်တစ်ပိုင်း လုပ်ငန်းခွင်လို့ မြင်ပါတယ်။ မွန်အမျိုးသားနေ့ကို လူတိုင်းလည်း လာနိုင်တယ်လို့လည်း ပြောတယ်။ တစ်ဖက်ကလည်း MRC ကို အစွန်းရောက်သမားတွေလို့ အချို့ပုဂ္ဂိုလ်တွေက ဝေဖန်တာ ကြားရတယ်။ ဒီတော့
နိုင်မတ်ဒိပ်။         ။ကျနော်လည်း ခင်ဗျားလိုပဲ ကြားရပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက MRC ရဲ့မူဝါဒလမ်းစဉ်၊ MRC ရဲ့ရည်မှန်းချက်တွေကို မသိလို့နေမှာပါ။

Kaowao။          ။အစွန်းရောက်တယ် ဆိုတဲ့စကား နည်းနည်း ရှင်းပြပေးလို့ရမလား။
နိုင်မတ်ဒိပ်။         ။ဒီအသုံးအနှုန်းက သံတမန် မဆန်ဘူးခင်ဗျ။ ဒီအစွန်းရောက်တယ် ဆိုတဲ့ကိစ္စကို ကိုမြင့်စိုးနဲ့ ကျနော် ပြောဖြစ်ပါတယ်။ ကိုကျော်သက်လည်း ပါတာပေါ့လေ။ သူတို့က မွန်အမျိုးသားနေ့ကို လာရင်းနဲ့။ မွန်တွေက ဗဂိုးမြို့ပျက်ပြီးကတည်းက မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်အစိုးရ၊ မည်သူ့ကိုမျှ မိမိရဲ့ပိုင်နက်၊ မိမိရဲ့ကံကြမ္မာကို စာချုပ် စာတမ်းနဲ့ မအပ်ရသေးဘူး။ ဆိုလိုတာက မွန်တွေက အောက်မြန်မာ ပြည်ကို တရားဝင်ပိုင်ဆိုင်သူတွေ ဖြစ်တယ်။ မိမိရဲ့ အချုပ်အခြာအာဏာ ကျူးကျော်ခံနေရတယ်။ မိမိရဲ့ပိုင်နက် နယ်မြေဟာ အသိမ်းပိုက်ခံနေရတယ်။ ဒီလိုခံပြင်းချက်မျိုး ရှိနေလို့ အချို့မွန်တွေက ဖက်ဒရယ်မူကို လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ဒီလိုမျိုးလူတွေက အစွန်းရောက်သူတွေလို့ သတ်မှတ်ယင် ကျနော်လည်း ဘွင်းဘွင်းပဲ ပြောရတော့မယ်။ ဒီလိုဖက်ဒရယ်မူကို လက်မခံနိုင်တဲ့ဗမာတွေလည်း ရှိပါတယ်။ ဒီကိစ္စကို ကိုမောင်မောင်စိုးနဲ့လည်း ဆွေးနွေးဖူးပါတယ်။ ပညာပေးလုပ်ငန်းကတော့ လူမျိုးတိုင်းမှာ လိုအပ်ပါတယ်။ အခြား တိုင်းရင်းသားတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

Kaowao။          ။ MRC က အစွန်းရောက်တွေ မဟုတ်ဘူး။ ဖက်ဒရယ်မူကို ထောက်ခံတယ်။ ဒီမိုကရေစီရေးကို အားပေး တယ်လို့ ဆိုလိုပါသလားခင်ဗျ။
နိုင်မတ်ဒိပ်။         ။ကျနော်တို့က ဘာကြိုက်သလဲဆိုတာ (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန် ကြေညာချက်မှာ ပါပြီးသားပဲခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ စတင်ဖို့၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ အချက်တွေ ပါပါတယ်။ ဒီထဲမှာ အစွန်းရောက်တဲ့စကားတစ်ခွန်းမှ မပါဘူး။ တစ်ခုတော့ ရှိတယ်။ ဒီထုတ်ပြန်ကြေညာချက်ဟာ မွန်တစ်မျိုးသား လုံးရဲ့ Referendum ကတော့ မဟုတ်ဘူးပေါ့။

Kaowao။          ။ဒါဖြစ်ရင် မတ်လမှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက တတိယအကြိမ်မြောက် ညီလာခံတစ်ရပ် ကျင်းပဖို့ ရှိတယ်။ ဒီဖော့ဝိန်းမြို့မှာပဲ ကျင်းပမှာဆိုတော့ MRC အနေနဲ့ တက်ရောက်ဖို့ အစီအစဉ် ရှိပါသလား။
နိုင်မတ်ဒိပ်။         ။ဒီRoad Map အကြောင်းကို ကျနော်လည်း ကောင်းကောင်း မသိပါဘူး။ MRC ကို တိုက်ရိုက် လိပ်မူတဲ့ စာကတော့ ဒီနေ့ပဲ ရောက်လာတယ်။ ဒီနေ့က(၂၇)ရက်နေ့၊ ညီလာခံက မတ်လ(၁)ရက်နေ့၊ အချိန်က အတော့်ကို ကပ်နေတယ်။ ဒါပေမဲ့ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ပြီး ဒီကိစ္စကို ဆွေးနွေးဖို့ ရှိပါတယ်။

Kaowao။          ။ MRC (Fort Wayne) အနေနဲ့ တက်ရောက်မယ်ဆိုတဲ့သဘောလား။
နိုင်မတ်ဒိပ်။         ။မဟုတ်သေးဘူး ခင်ဗျ။ ပြောရရင် အစက တစ်ဦးချင်းကို သူတို့ဖိတ်တယ်။ ကျနော်တို့က အဖွဲ့နဲ့။ တစ်ဦးချင်းအလိုက် မဖိတ်ပါနဲ့ပေါ့လေ။ အဖွဲ့အစည်းနဲ့နေတယ်ဆိုတော့ အဖွဲ့အစည်းအနေနဲ့ ဖိတ်စေချင်တယ်။ MRC ကို ကျနော်တို့က အဆင့်ဆင့် စနစ်တကျ ဖွဲ့စည်းထားတယ်။ MRC (Fort Wayne)ကို ဖိတ်မလား။ MRC –USA ကို ဖိတ်မလား။ MRC ပါဝင်တဲ့ OMCC ကို ဖိတ်မလား။ ကျနော်တို့က ကိုယ်စားလှယ်လွှတ်ရုံနဲ့ ပြည်ပရောက်မွန်တွေကို ကိုယ်စားပြုနိုင် ပါတယ်။ အခု သူတို့ဖိတ်တာက OMCC ကိုလည်း မဟုတ်ဘူး။ MRC (Fort Wayne) ကိုလည်း မဟုတ်ဘူး။ MRC –USA ကိုပါ။ ဒီကိစ္စကို MRC-USA က ကိုယ်တွယ်ပါလိမ့်မယ်။

Kaowao။          ။ဒီ Road Map or Workshop က ဖက်ဒရယ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ဘယ်လောက်များ အရေးပါတယ် ထင်ပါသလဲ။
နိုင်မတ်ဒိပ်။         ။ဒါလည်း ကြိုပြောလို့မရဘူး။ တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေအပေါ်မှာ မူတည်တယ်။ ဥပမာ - ဗမာတိုင်းရင်းသားတွေ ဆိုပါတော့။ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေက ဗမာတိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်မှုရှိ မရှိပေါ့။ ကိုယ်စားပြုနိုင်မှု ရှိမှာသာ ဒီမိုကရေစီ အနှစ်သာရနဲ့ ပြည့်ဝတယ်။ ပြည်နယ်ကို အခြေခံတဲ့ဖက်ဒရယ်စနစ် ပီပြင်နိုင်မယ်။ ဒီတော့ စစ်မှန်ပြတ်သားတဲ့ ကိုယ်စားလှယ်တွေရှိမှသာ ပြတ်သားတဲ့ မူဝါဒကို ချမှတ်နိုင်မယ်။ ပြတ်သားတဲ့မူဝါဒကိုပဲ ကျနော်တို့က လက်ခံနိုင်မယ်။ ပူပေါင်း ဆောင်ရွက်နိုင်မယ်။ အဲဒီလိုပူးပေါင်းဆောင်ရွက်နိုင်မှု၊ အပြန်အလှန် အကျိုးပြုနိုင်မှု ရှိ၊ မရှိ အချက်အပေါ်မှာ မူတည်ပြီး အရေးပါမှုရှိ၊ မရှိ မှတ်ကျောက်တင်ရလိမ့်မယ်။

Kaowao။          ။ အချို့က ဖက်ဒရယ်မူကို ရှေ့တန်း သိပ်တင်လွန်းရင် ဒီမိုကရေစီရေး လှုပ်ရှားမှု အားလျှော့ သွားနိုင်တယ်။ ဒီမိုကရေစီကို အရင်တိုက်ပြီး ရန်ကုန်ရောက်မှ တိုင်းရင်းသားတွေ လိုလားတဲ့ဖက်ဒရက်မူကို အသက်သွင်းကြတာပေါ့လို့ ပြောတဲ့လူတွေ ရှိတယ်။ ဒီအမြင်နဲ့ပတ်သက်ပြီး နိုင်မတ်ဒိပ်ရဲ့အမြင်လေး။
နိုင်မတ်ဒိပ်။         ။တိုင်းရင်းသားရေးရာ ပြဿနာတွေက ဒီခေတ်ကျမှ မိုးကျရွှေကိုယ်လို ပေါ်လာတာမဟုတ်ဘူး။ ပါလီမန် ခေတ်ကတည်းက ရှိနေတာ။ လွတ်လပ်ရေး တိုက်ပွဲမှာလည်းပဲ သမ္မတ ဦးချစ်လှိုင် စတဲ့ မွန် နိုင်ငံရေးသမားတွေ အမွဲခံပြီး ဗမာတွေနဲ့အတူ နိုင်ငံရေးလုပ်ခဲ့တယ်။ ဆရာ မွန်ဖိုးချိုတို့လည်း ဗမာနိုင်ငံရေးမှာ အရေးပါခဲ့တာပါပဲ။ ဘန်ကောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက BIA စတင်ဖွဲ့စည်းတုန်းကလည်း မွန်တွေ ပါဝင်ခဲ့တာပါပဲ။ လွတ်လပ်ရေး တိုက်ပွဲမှာ မွန်တပ်သား ပေါင်း(၃၀၀၀)ကျော် ပါဝင်ခဲ့တာပါပဲ။ လွတ်လပ်ရေး အရင်ယူမယ်။ ပြီးမှ ပြည်နယ် တောင်းမယ်ပေါ့။ ဒါပေမဲ့ ပင်လုံစာချုပ် ချုပ်ဆိုတဲ့အခါ အစဉ်အလာ ကြီးမားခဲ့တဲ့ မွန်နဲ့ရခိုင်တွေ အဖြုတ်ခံရတယ်။ ကရင်တွေလည်း မရေမရာ မသေမချာနဲ့ ကျန်ခဲ့တာပါပဲ။ ဒီတော့ ကျနော်တို့မူဝါဒက ရှင်းတယ်။ ဒီမိုကရေစီကို အရင်တိုက်ယူပါ။ ပြီးမှ ဖက်ဒရယ်အကြောင်း ပြောမယ်။ ဒါမျိုး အဆင်မပြေဘူး။ MRC ရဲ့ဆောင်ပုဒ်က ရှင်းလင်းပြတ်သားတယ်။ Struggling for Self-determination ပါပဲ။ ဖက်ဒရယ်ပြည်ထောင်စုဟာ ဗမာပြည်အတွက် စစ်မှန်တဲ့ဒီမိုကရေစီဖြစ်တယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်မူကို ကျနော်တို့ အတွက် ခွဲခြားလို့မရဘူး။ ဒီမိုကရေစီအတွက် တိုက်ရင်းနဲ့ ဖက်ဒရယ်စနစ်ကို ပြုစုပျိုးထောင် သွားမှသာ ဗမာအပါအဝင် တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုတွေ တိုးပွားနိုင်မယ်။

Kaowao။          ။ အချိန်ပေးတဲ့အတွက် ကျေးဇူးပါ။ နောက်ဆုံးအနေနဲ့ ဘာများ မှာကြားချင်ပါသလဲ။
နိုင်မတ်ဒိပ်။        ။ဖက်ဒရယ်နိုင်ငံမှာ ခိုနေတဲ့ဒီမိုကရေစီအင်အားစုတွေ ဖက်ဒရယ်စနစ်ကို နားလည်းအောင် လေ့လာကြပါ။ စင်ပြိုင်အစိုးရအစား ဖက်ဒရယ်အစိုးရ ဖွဲ့စည်းမှသာ လက်တွေ့ကျနိုင်မယ်။ အဲဒီဖက်ဒရယ် အစိုးရမှာ ပါဝင်ဖို့ MRC က အဆင်သင့် စောင့်နေပါတယ်။ မေးမြန်းတဲ့အတွက် MRC

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host