Thursday, October 25, 2012

မွန်ပြည်သစ် မူးယစ်ဆေးစစ်ဆင်ရေး လူခုနှစ်ဦးအား ဖမ်းဆီး

စိတ်ကြွဆေးရောင်းဝယ်ဖြန့်ကားသူဟု စွပ်စွဲခံရသည့် လူခုနှစ်ဦးအား မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တပ်စခန်းမှ ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းတို့သည် သေဒဏ်အမိန့် ကျခံရဖွယ်ရှိကြောင်း ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

လွန်ခဲ့သည့်စက်တင်ဘာလကုန်ပိုင်းတွင် မွန်ပြည်သစ်ပါတီမှ မွန်ပြည်နယ်ရှိ တရားမဝင် မူးယစ်ဆေးနှိမ်နင်းမှု စစ်ဆင်ရေးတွင် ၎င်းခုနှစ်ဦးအား ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲတွင် ဖမ်းဆီရမိကြောင်းသိရသည်။

မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များက မွန်ပြည်နယ်ရှိ ဘိန်းစာရွက်အပင်ကို လိုက်လံခုတ်ဖြတ်နေပုံ (ဓာတ်ပုံ-မွန်ပြည်သစ်ပါတီ)
“သူတို့ (မွန်ပြည်သစ် ထားဝယ်ခရိုင်တာဝန်ခံ) အပြောအရဆိုရင် ဒီလူတွေ သေဒဏ် ကျဖို့ရှိတယ်။ ဖမ်းတုန်းကလဲ သက်သေအထောက်အထားတွေနဲ့ မိထားတာရှိတယ်။ ဒါပေမဲ့ ဗဟိုဌာန်နချုပ်ရဲ့ အမိန့်ပေါ်မှာပဲ မူတည်တယ်” ဟု ၎င်းနီးစပ်သူက ပြောသည်။

အဖမ်းခံရသည့် တစ်ဦးမှာ မွန်အဆိုတော်ဖြစ်ပြီး ၎င်း၏ မိသားစုက မိမိတို့ဌာနတွင် အာမခံချက်ဖြင့်လာတောင်းခံလျင် ပြန်လွှတ်ပေးရန်ရှိကြောင်း သိရသည်။ “သူက လူမူရေးလုပ်ငန်းတွေမှာ ကူညီလာခဲ့တာ အများကြီးရှိတော့ အာမခံနဲ့ လာတောင်းရင် ပါတီက လွှတ်ပေးနိုင်ဖို့ရှိတယ်”
စိတ်ကြွဆေးရောင်းဝယ်မှုသည် မွန်ပြည်နယ်တွင် အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာပြီး ဖမ်းဆီးအရေးယူဆောင်ရွက်မှုများ နည်းပါးသည့်အတွက် ရောင်းဝယ်သူများ ပိုမိုများပြား လာနေကြောင်းသိရသည်။

မူးယစ်ဆေးနိမ်နင်ရေးစစ်ဆင်ရေးကို မွန်ပြည်သစ်ပါတီ ရေး၊ လမိုင်း၊ သံဖြူဇရပ်မြို့နယ်များတွင် လှုပ်ရှားနေပြီး သထုံနှင့် မော်လမြိုင်ခရိုင်တို့တွင် နှိမ်နင်းရေလုပ်ငန်းများ ပြုလုပ်ရန် စီစဉ် နေကြောင်း သိရသည်။ ပြီးခဲ့သည့်အပတ်က ပါတီအဖွဲ့ဝင်များက မုဒုံတွင် မူးယစ်ဆေးသင်တန်း ပို့ချခဲ့ရာ မူးယစ်ဆေး ရောင်းချ၊ သုံးစွဲသူများအပေါ် ပြည်သူများ မည်သို့ အရေးယူအကြောင်း ကြားသည့် ပုံစံကိုလဲ ပို့ချခဲ့ကြောင်း သိရသည်။

စိတ်ကြွဆေးပြားတစ်လုံးကို မြန်မာကျပ်ငွေ ၅၀၀၀ ပေးဆောင်ရပြီး ထိုင်းနိုင်ငံမှ အလုပ်လုပ်ပြီး ပြန်လာနေသူများက အဓိက ဝယ်ယူသုံးစွဲမူ များပြားနေကြောင်းသိရသည်။ ယခင်က ဘိန်းမဲဖြင့် လူသိများခဲ့သည် မွန်ပြည်နယ်တွင် ယခု ၎င်းဘိန်းမဲသုံးစွဲသူများ မရှိသလောက် ရှားပါးနေပြီး စိတ်ကြွဆေးပြားကိုသာ ပိုပြီးအသုံးများလာနေသည်။ စိတ်ကြွဆေးပြားကို လူနေအိမ်အပြင် ရပ်ရွာဘုရားပွဲတော် ပွဲခင်းမှာပင် ရောင်းချနေကြောင်း သိရသည်။

စိတ်ကြွဆေးပြားကို အရွယ်မရွေးအသုံးပြုနေပြီး နောက်ထပ်ဆေးရွက်တစ်ခုဖြစ်သည့် ဘိန်းစာရွက်ကို လူငယ်အများအပြား အသုံးလွန်ကာ ပျက်စီးလာနေသည်။ ထိုင်းရာဘာခြံတွင် အလုပ်လုပ်နေသူတချို့က ဘိန်းစာရွတ်မျိုးစေ့ကို မွန်ပြည်နယ်သို့ သယ်ယူလာကာ မိမိတို့နေရပ်တွင် စိုက်ပျိုးကာ စီးပွားအဖြစ် ရောင်းချလျက်ရှိသည်။

ဘိန်းစာရွက် တစ်ရွက်ကို ကျပ်ငွေ ၅၀ ပေးရသည့်ဒေသရှိသလို စိုက်ပျိုးရန်ခက်ခဲသော ဒေသတွင် တစ်ရွက်ကို ကျပ်ငွေ ၁၀၀ ပေးဆောင်ရသည်။ ဘိန်းစာရွက်ကို ဟင်းအိုးနှင့် ချက်ပြုတ်ပြီး ရလာသည့်အရည်ကို ချောင်းဆိုးဆေး၊ ကိုကာကိုလာ အချိုရေနှင့်(Coca Cola) ရောစပ်ကာ လူငယ်တွေကြားမှာ အရက်ကဲ့သို့ ခေတ်စားနေကြောင်းသိရသည်။ ဘိန်းစာရွက် သောက်သုံး သူများသည် အရက်နှင့် ဘီယာကို မနှစ်သက်တော့သဖြင့် အရက်ရောင်းဝယ်အား ကျဆင်း လာကြောင်းသိရသည်။

မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များက မွန်ပြည်နယ်ရှိ ဘိန်းစာရွက်ပင်ကို လိုက်လံခုတ်ဖြတ်ပြီး ရောင်းချနေသူနှင့် သုံးစွဲသူများကို ဖမ်းဆီးအရေးယူနေကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host