ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့၌ သြဂုတ်လအတွင်းက
ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျံမှု နောက်ဆက်တွဲ ပြဿနာအဖြစ် ကလေးငယ် ၁၀၀
ကျော်ခန့်တွင် တုတ်ကွေးဟု ယူဆရသော ဖျားနာခြင်းများ ဖြစ်ပေါ်နေကြောင်း
သိရှိရပါသည်။
အဆိုပါ ဖျားနာခြင်းများမှာ စက်တင်ဘာလ ၇ ရက်နေ့က စတင် ဖြစ်ပေါ်ခဲ့ခြင်း
ဖြစ်ပြီး ဖျားနာသူအရေအတွက် တိုးပွားလာလျက် ရှိနေကြောင်း သိရပါသည်။
ကလေးငယ်များ ဖျားနာခြင်း အများဆုံး ဖြစ်ပေါ်နေသည့် ရွာများမှာ
ထန်းကျိုကုန်းနှင့် ထန်းဇင်လှရွာများတွင် ဖြစ်ကြောင်း ဒေသခံများက Eleven
Media Group သို့ ပြောပါသည်။
"လသားအရွယ် ကလေးတွေကနေ ၁၄ နှစ်အရွယ် ကလေးတွေမှာ အများဆုံး ဖြစ်ပွားနေတာပါ။
သက်ကြီးရွယ်အို တစ်ချို့လည်း ပါပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကတော့
အင်းကလေးရွာမှာ ဖြစ်ပါတယ်။ ကျောင်းတွေတောင် ပိတ်လိုက်ရပါတယ်။ အခုတော့
ကျောင်း ပြန်ဖွင့်ထားပါပြီ။ အခု ထန်းကျိုကုန်း ထန်းဇင်လှမှာတော့ ကလေး ၁၀၀
ကျော် ဖြစ်နေပါတယ်။ တုတ်ကွေးလို လက္ခဏာ မျိုးပါပဲ။ ကိုက်ခဲတယ်။ ဖျားတယ်။
အစာမ၀င်ဘူး။ အဲလိုတွေ ဖြစ်နေတာပါ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ဖျားနာမှုဖြစ်ပွားနေသော ဒေသများတွင် ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။
"ဖြစ်နေတဲ့ နေရာတွေမှာ သူနာပြု ဆရာမ လောက်ပဲ ရှိပါတယ်။
ဆေးဝယ်ဖို့ကျတော့လည်း မတတ်နိုင်ကြပါဘူး။ ဆေးဝါး အခက်အခဲလည်း ရှိနေပါတယ်"ဟု
ဒေသခံက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် သြဂုတ်လအတွင်းက ပုသိမ်၊သာပေါင်း၊ ကျောင်းကုန်း၊
ကန်ကြီးဒေါင့်၊ ကျုံပျော်၊ ရေကြည်၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များတွင်
မိုးများပြီး မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ၊ စပါးစိုက်ကွင်းများ
ရေကြီးနစ်မြုပ်ခဲ့ရသည်။
လက်ရှိတွင် ယင်းဒေသများ၌ ရေပြန်ကျသွားပြီ ဖြစ်သော်လည်း ကျေးရွာများတွင်
နောက်ဆက်တွဲ ပြဿနာများအဖြစ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊
ဆေးဝါးနှင့် ရိက္ခာဆိုင်ရာ အခက်အခဲများအပြင် ရေနစ်မြုပ်တောင်သူများအတွက်
မျိုးစပါးများ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။
0 comments:
Post a Comment