Wednesday, October 22, 2014

ခေါဇာမြို့ခံ ၄ ဦး ပြန်ပေးလက်မှ ပြန်လည်လွတ်မြောက်

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်လက်အောက်ခံ ခေါဇာမြို့ခံ ၄ ဦးအား အမည် မသိလက်နက်ကိုင်အဖွဲ့က တစ်လနီးပါးခန့် ပြန်ပေးဆွဲခဲ့ရာမှ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာ ပြီဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA က စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် ခေါဇာမြို့ အောက်ကျောင်း(ဘုန်းတော်ကြီးကျောင်း) ၌ မဟာဒုက်အလှူဆွမ်းကိစ္စဝေယျာဝစ္စ များ စီစဉ်နေကြသော မြို့မျက်နှာဖုံး ခြံမြေပိုင်ရှင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့ ပြန်ပေးဆွဲခံလိုက်ရပြီး ၂ ယောက်လွတ်မြောက် လာသော်လည်း ကျန် ၄ ဦးမှာ တစ်လနီးပါးခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။
လွတ်မြောက်လာသူ မိသားစုဝင်တစ်ဦးက “အားလုံးလွတ်မြောက်လာပါပြီ၊ အသက်အန္တရာယ်က လွတ်မြောက်လာလို့ မိသားစုတွေအား လုံး စိုးရိမ်စိတ်တွေကနေ ကင်းလွတ်သွားပါပြီ” ဟု ပြောသည်။
သို့သော် မည်ကဲ့သို့လွတ်မြောက်လာသည်ကို ကာယကံရှင်အနေဖြင့် ၄င်းတို့၏လုံခြုံရေးအရ ထုတ်ဖေါ်ပြောကြားမည်မဟုတ်ဟု ဆိုသည်။
ပြန်ပေးသမားများက ငွေကျပ်သိန်း ၇၅၀ တောင်းခံသော်လည်း ကာယကံရှင်များအနေဖြင့် ပေးစရာငွေမရှိဟု ဆိုသည်။
အမည်မဖေါ်လိုသော ခေါဇာမြို့ခံတစ်ဦးက “ကျနော်တို့မြို့မှာ ပြန်ပေးသမားတွေ အချိန်မရွေးဝင်ဆွဲသွားနိုင်တယ်၊ လူစိမ်းတွေများတယ်၊ သူ့လူကိုယ့်လူ မခွဲခြားနိုင်ဘူး၊ စစ်တပ်၊ ရဲတို့က သူတို့စခန်းမှာပဲ အနေများတယ်” ဟု ပြောသည်။
ခေါဇာမြို့သည် ရေးမြို့ တောင်ဘက် ၂၄ မိုင်အကွာတွင် တည်ရှိရာ ၂၀ဝဝ ခုနှစ်နောက်ပိုင်းတွင် ကျေးရွာအုပ်စုမှ မြို့နယ်ခွဲအဆင့်သို့ တိုးမြှင့်သတ်မှတ်ခံရပြီး ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအပြင် ခလရ ၃၁ တပ်ရင်း အခြေစိုက်ရာ မြို့လည်းဖြစ်သည်။
သို့ရာတွင် ခေါဇာမြို့သည် လုံခြုံမှုမရှိဟု ရေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိမြင့်သန်းက လွတ်လပ်သောမွန်သတင်း အေဂျင်စီ (IMNA) သို့ ပြောကြားခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host