Friday, March 7, 2014

နိုင်ငံရေး အကျဉ်းသားဟောင်းများ စာရင်း ပြုစုရေး ဆွေးနွေး


political-prisoner-insein-305.jpg
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရပုံ
photo: RFA/ Kyaw Zawe Win
၁၉၆၂ ခုနှစ်ကစပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံခဲ့ရသူတွေရဲ့ အမည်စာရင်းကောက်ယူဖို့အတွက် ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံး မှာ နိုင်ငံရေးအကျဉ်းသားတွေအရေး ဆောင်ရွက်နေ ကြတဲ့ အဖွဲ့အစည်းတွေ  ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျခံခဲ့ရသူ အရေအတွက် သောင်းဂဏန်း ၀န်းကျင်လောက်ရှိမယ်လို့ ယူဆကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ညှိနှိုင်းဆွေးနွေးပွဲမှာ အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံမှာ ၆၂ ခုနှစ်ကစပြီးတော့ ဒီကနေ့အထိ နိုင်ငံရေး အကျဉ်းသား သောင်းဂဏန်းရှိလိမ့်မယ်လို့ ကျနော်တို့ တွက်ဆထားပါတယ်၊ ဒါကို တိတိကျကျဖြစ်နိုင်ဖို့အတွက် ဒီစာရင်းတွေကောက်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်၊ အကျဉ်းထောင်ထဲမှာ သေဆုံးသွားတဲ့သူမျိုး၊ ရှေ့တန်းမှာ ပေါ်တာ ထည့်ခံရပြီးတော့ သေဆုံးသွားခဲ့တဲ့ လူတွေရှိတယ်၊ အကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့တဲ့ လူတွေရှိတယ်၊ အကျဉ်းထောင်ထဲကနေ ပျောက်ဆုံးသွားခဲ့တဲ့ လူတွေလည်းရှိပါတယ်၊ သူတို့က တကယ်ကို ကိုယ်ကျိုးစွန့်ပြီးတော့ တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးတွေကို ဆောင်ရွက်နေရင်းနဲ့ အကျဉ်းကျခံခဲ့ရတာပါ"
နိုင်ငံရေး အကျဉ်းသားဟောင်းတွေအချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်ဖို့၊ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့ကစပြီး စာရင်းကောက်ယူနေတာလို့ သိရပါတယ်။
အဲ့ဒီလို စာရင်းကောက်ယူရာမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (အထက်မြန်မာပြည်) နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများက ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား အယောက် ၃၀ ကျန်ရှိနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အဲ့ဒီ အယောက် ၃၀ မှာ တပ်ထားတဲ့ နိုင်ငံရေးပုဒ်မတွေအတွက် ပြစ်ဒဏ်တွေ မရှိတော့ပေမဲ့ ရာဇ၀တ်မှုပုဒ်မတွေ ကျန်နေသေးတာကြောင့် ပြန်မလွတ်သေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host