Friday, October 18, 2013

မွန်တို့ဌာနေ ရာမည

ဘာဖြစ်လို့မွန်လူမျိုးတွေ ပျောက်ကွယ်မယ်လို့ပြောတာလဲ ........ ဘယ်အလုပ်မဆို လွယ်တဲ့အလုပ်ခက်တဲ့အလုပ်ဆိုတာ ရှိတတ်ပါတယ်။ လွယ်တာက တော့ဝေဖန်ရေးလေကန်ရေးအလုပ်ဘဲ။ ခက်တာက စိတ် ကူးစိတ်သန်းကိုလက်တွေ့အကောင်ထည်ဖေါ်တာဖြစ်တယ်။ မွန်လူမျိုး တွေ ပျောက်မှာလားဆိုတဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီးဝေဖန်သံ အကြံ ပြုသံတွေ အတော်လေး တွေ့ရတယ်။ အချို့က မွန်လူမျိုးတွေ ပျောက်မယ် ဆိုတဲ့အယူဆ လက်မခံပါဘူး။ အများစုကတော့ သတိပေးတဲ့စာဖြစ်တဲ့အ တွက်ကြိုဆိုကြတယ်။ နဲနဲလေး ပြောချင်ပါတယ်။ အဲလို သတိပေးလိုက်လို့ ကျနော်တို့ ဆိုးကျိုးတစုံတရာ ဖြစ်စေခဲ့သလား။ လူမျိုးရေးအသိ သတိ တိုးလို့ မွန်အမျိုးသားတိုင်းအတွက် အကျိုးယုတ်ပါသလားဆိုတဲ့မေးခွန်းပါ။ ဘာဘဲဖြစ်ဖြစ် ဆင်ခြင်နိုင်မယ် သတိတွေ ရှိလာရင် ပိုကြိုးစားကြတာဘဲ။ တစ်ခုသတိထားမိတာက အားလုံးသော မွန်လူမျိုးတွေ က မွန်လူမျိုးပျောက် မှာကို အတော်လေး ကြောက်ရွံ့တုန်လှုပ်လောက်အောင် အမျိုးကို ချစ်တာ ကိုသိရတဲ့အတွက်အတိုင်းမသိ ၀မ်းသာတယ်။ အဲလို မျိုးချစ်စိတ်တွေက မွန်လူမျိုးတွေရဲ့ စကားစာပေ ယဉ်ကျေးမူ ထိမ်းသိမ်းနိုင်ဘို့ အထောက် ကူ ဖြစ်ခဲ့ရင် တကယ့်မင်္ဂလာပါဘဲ။ အချို့ချို့က မပျောက်နိုင်ပါဘူးလို့ ဖြေဆည်တွေးပါတယ်။ ဒါကို လည်းသတိထားမိတယ်။ မင်းတို့လူမျိုးတွေ ပျောက်ကွယ်မယ်လို့ပြောတာကို ဘယ်လူမျိုးမှ ခံနိုင်မယ်မထင်ပါဘူး ။ သမိုင်းကြောင်းလေးနဲ့ရှင်းပြချင်တယ်။ ၁၈၂၄ မှာ ပထမ အင်္ဂလိပ် မြန်မာ စစ်ဖြစ်တယ်။ ၁၈၂၇ ရောက်တော့ မုတ္တ တောင်ပိုင်းကို ယိုးဒယားတွေ ၀င်တိုက်ပြီးလူပေါင်း ၁၆၀၀၀လောက် ယိုးဒ ယားရောက်ခဲ့ပြန်တယ်။ အဲအချိန် တနင်္သာရီတိုင်းတစ်ခုလုံး ( ခန့်မှန်း) လူပေါင်း ၇၀၀၀၀ လောက်သာရှိမယ်လို့ခန့်မှန်းခဲ့တယ်။ မင်းအဆက်ဆက် မုတ္တမဗဟိုပြု မြို့ ၃၂ မြို့မှာ လူနေ ၂၀ လူမဲ့၁၂ မြို့လို့ဖေါ်ပြထားတယ်။ တနင်္သာရီ တိုင်းမင်းကြီး ကပ္ပတိန်ဒူရန့်က ၁၈၃၄ မှာ ကျိုက်ခမီ မော်လမြိုင်ကားလမ်းဖေါက်ပြီး လူသူကင်းနေတဲ့ မော်လမြိုင် မုဒုံဒေသကို မွန်လူမျိုးတွေ ဆွဲဆောင်ခေါ်သွင်းခဲ့တယ်။ ပုသိမ် မြစ်ဝကျွန်းပေါ်ကမွန် တွေ၊ ယိုးဒယားရောက်မွန်လူမျိုးတွေကိုလည်းဆွဲဆောင်ခေါ်သွင်းတယ်။ ပသျှုးလူမျိုးများကို မြိတ်ထားဝယ်ဒေသကိုခေါ်သွင်းဆွဲဆောင်ခဲ့တယ်။ နိုင်ငံခြားသား တရုတ် ကုလားများကိုလည်းခေါ်သွင်းခဲ့တယ်။ အဲဒီအချိန် တုန်းက ဘာသာစကားဟာမွန်ဖြစ်တယ်။ မွန်လိုသာအသုံးပြုပြီး မွန်ဒေသ ဘုန်းကြီးကျောင်းတွေ ဟာ မွန်ဘုန်းကြီးကျောင်းများသာဖြစ်တယ်။ အသုံးပြုခဲ့တာ မွန်စာတွေဖြစ်တယ်။ မွန်စာ အသုံးပြုခဲ့တဲ့ သက်သေအထောက်ထားစာအုပ်များစွာရှိပါတယ်။ အဲဒီစာအုပ်တွေကို စု ဆောင်းထားပါတယ်။ မွန်စာ အသုံးပြုနေတဲ့အတွက် မွန်စကားဘယ်လောက် တွင်ကျယ်နေမယ်ဆိုတာ ရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။ ၁၉၅၀အထိ မွန်စာကိုသာ တွင်ကျယ်စွာ ရေးသားခဲ့တယ်။ သင်ခဲ့ကြတယ်။ အစိုးရလဲ အသိမှတ်ပြုတယ်။ ဥပမာတစ်ခုပေးရရင် မုဒုံမြို့နယ်ကျိုက်ရွဲကျောင်းတိုက် ဟာမွန်စာနဲ့အတန်းပညာတွေ သင်ပေးခဲ့တယ်။ အဲဒီ ၁၉၄၅ တစ်ဝိုက် ကျိုက်ရွဲကျောင်းတိုက်က ၇ တန်းအဆင့်ကျောင်းသားဟာ အစိုးရဌာနမှာ ရာထူးကောင်းကောင်းရလို့ ကျိုက်ရွဲကျောင်းတိုက်ကနာမည်ကျော်ပါတယ်။ တရုတ်ကုလားတွေ မွန် စကားကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြတာ ၂၀ ရာစု အလယ်ပိုင်းလောက်အထိ ဖြစ်တယ်။ အရင်က လူမျိုးခြားတွေ ဈေးရောင်းဈေးဝယ်လုပ်လို့ရအောင် ဒေသစကားတတ်ရတယ်သင်ရတယ်။ မွန်စကားမှ မတတ်ရင် ဘယ်လိုမှ ရောင်းဝယ်ဖေါက်ကားလို့မရခဲ့ဘူး။ ဒါကတော့ သဘာဝတစ်ခုဖြစ်တဲ့ ရေများရေနိုင်သဘောတရားပါ။ မွန်လဲတတ် ကရင်လဲတတ်သူလဲရှိတယ်။ လက်ရှိမုဒုံမြို့ပေါ်လူ လူဦးရေ ၅သောင်းခန့်ရှိတယ် ။ ရွာတွေမပါဘူး။ အဲဒီငါးသောင်းမှာ မြန်မာစကားအကုန်တတ်တယ်။မွန်စကားတတ်တာ တစ်သောင်းမပြည့်ဘူး ။ မြန်မာစကားမတတ်ရင် အကုန်ခက်တဲ့ သဘောရှိလာတယ်။ မွန်စာမသင်ချင်နေမယ်။ မြန်မာစာကတတ်ရမဲ့အယူ ဆပါ။ စာသင်မလားဈေးဝယ်မလား ခရီးသွားမလား။နောက်ဆုံးအခု ကျနော်တို့လို မွန်တွေတောင် စာမတတ်တာသတိထားကြည့်ရင်သိတယ်။ လက်ရှိတွင်ကျယ်စွာ အသုံးပြုနေရတော့ သင်ကိုသင်ရမယ့် တတ်ကိုတတ် ရမယ့်သဘာဝတစ်ခုပါ။ နောက်တစ်ခု က စကားလွမ်းမိုးခြင်းမှာ နားယဉ် ပါးခြင်း ( listening ) အရေးပါတယ်။ အသံတွေက နားကိုယဉ်ပါးစေတယ်။ ဘေးပတ်လည်လည် ၀န်းကျင် က စကားသံ သီချင်းသံ ရုပ်မြင်ဇာတ်လမ်း စာပေတွေ ဟာ လက်လှမ်းမှီရာအကုန်ရှိနေတယ်။ မော်လမြိုင်မုဒုံသထုံ စတဲ့မြို့ပေါ်မှာရောင်းဝယ်ဖေါက်ကားတာ တစ်ဦးကို တစ်ဦးပြောဆိုဆက် ဆံတာ မြန်မာစကားဖြစ်လာတယ်။ မွန်စကားတစ်ခုထဲ တတ်သူတစ်ဦးမော်လမြိုင်မှာ မုဒုံဈေးထဲ မှာ ဈေးသွားဝယ်ကြည့်ပါ။ မွန်လို ပြောဝယ်ရင် အခက်ခဲ များစွာတွေ့နေရပြီ။ ရွာတွေမှာ မွန်စကား သာအသုံးပြုနေသေးတယ်။ ဒါပေမဲ့တနေ့နေ့တစ်ချိန်ချိန် ဆက်ဆံရေး ကိစ္စ တွေ ဖြစ်လာရင် အလိုလိုသင်လာမဲ့တတ်လာမဲ့စကားဟာမြန်မာစကား ဖြစ်တယ်။ အချိန်တစ်ခုကြာလာရင် အဲဒီသဘောတရားတွေ့လာရမယ်။ အဲဒီအခက်ခဲတွေက အခြေခံကျလာပါပြီ။ နောက်ဥပမာတစ်ခုပေးပါအုံးမယ်။ မြို့အမည်ရပ်ကွက်တွေနဲ့ မွန်အမည်ကနေ မြန်မာ အမည်ပြောင်းသွားတာ ထိုင်ရေးနေရင် ရေးလို့မကုန်နိုင်ဘူး ။ မုလ်ဍုင်" လို့ ခေါ်တဲ့ မုဒုံမြို့ဖြစ်တည် လာတာ ၁၁၂ နှစ်သာ ရှိသေးတယ်။အရင်က ဇရားမြို့( ကမာဝက်) က မြို့ဖြစ်ခဲ့တယ်။ အခုသုံးနေတာက"မုဟ်ဍုင် " လို့ခေါ်တဲ့စကားလား မုဒုံလို့ခေါ်တဲ့နာမည်လား။ မုဟ်ဍုင် ဖြစ်လာမဲ့ မုဒုံ အမည်ကို မုဟ်ဍုင်လို့ပြန်မည့်ချင်တယ်။ မုဟ်ဍုင်ဇော် ခေါ်တဲ့ မုဒုံကြီးအရပ်။ ဘာတွိ ခေါ်တဲ့ကျောင်းသစ်၊ က္ကံလဗင်မြို့ဖြစ်တဲ့ ကော့ဟဗင် ၊ ဘာသီ ကနေ သိမ်ကျောင်း အရပ်၊အစာစင်( ရှမ်းဆရာနေရာအရပ်ကိုအစွဲပြု ) ကိုစာစင် ၊ သဘင်ဇှော် ကို ကန်ကြီးစသဖြင့်ခေါ်လာခဲ့ပြီ ဖြစ်တယ်။ ဒါတွေက နှစ်ပေါင်းတစ်ရာအတွင်းပြောင်းလဲသွားတဲ့နာမည်ဖြစ်သလို အချို့နာမည် တွေက နှစ်တစ်ရာမပြည့်သေးဘူး။ ကျာ်သဘင်ဇေှ်ာ် လို့ခေါ်တဲ့ကန်ကြီး ဘုရားကို ဘယ်သူက ကျိုက်သဘင်ဇှော်လို့ခေါ်ပါတော့သလဲ။ မုဒုံမြို့သား တွေကို ကန်ကြီးဘုရားခေါ်တာ မှားတယ်လို့ပြောရင် လက်ခံကြပါ့မလား။ စဉ်းစားစရာက ရပ်ကွက်နာမည် ဘုရားနာမည် အသုံးဆောင်တွေကအစ ပြောင်းလဲခဲ့တာတွေ ဟာ အခြေခံ ပြောင်းလဲမူ လို့ နာမည်ပေးချင်ပါတယ်။ ဒါကတော့ သေသေချာချာ စဉ်းစားသုံးသပ်ရင် အန္တရယ်တစ်ခု ဆိုတာ သိ လာမယ်။ အရေးကြီးတဲ့အခြေခံတွေဖြစ်တယ်။ မြန်မာ အမည်က နေ မွန်အမည် ပြောင်းလာတဲ့ ရပ်ကွက် သို့ မြို့ အမည်တစ်ခု သာ ပြောပြစေချင်တယ်။ တစ်ခုတည်းသောနာမည်သိရရင်ဘဲကျေနပ်ပြီ။ မြန် မာ စာစောင်တွေ ဂျာနယ်တွေ တစ်ပတ် ခုနစ်ရက်ထွက်နေကြတယ်။ လမ်းဘေးမှာ စာစောင်တွေ ပေါမှပေါ။ မွန်လို ရေးတဲ့ဂျာနယ်လေး လက်ညိုးထိုးပြပါ ။ ဘယ်မှာလဲမွန်လိုရေးတဲ့စာစောင်တစ်စောင် ။ ဘယ်သူမှ မဖတ်တတ်တာ ကို ဘယ်သူမှ မထုတ်တာ သဘာဝပါ။ ကျနော် ဟာမွန်တိုင်းရင်းသားတစ်ဦးဖြစ်တယ်။ မွန်လူမျိုးတွေ ပျောက်ကွယ်မှာ ကို သမိုင်းပညာရှင်တွေ ပြောတာကို သေချာစဉ်းစားတယ်။ သမိုင်းသုတေ သီဆို တာသမိုင်းအကြောင်းကို ကျနော်တို့ထက် အများကြီးနောကျေ အောင်သိတယ်။ လက်ရှိဆရာကြီးဒေါက်တာနိုင်ပန်းလှလို အယူဆရှိတာ က လက်ရှိမြန်မာနိုင်ငံသမိုင်းအဖွဲ့ဝင် ဦးစံဝင်းဖြစ်တယ်။ ဦးစံဝင်းဟာ မွန် ဒေသဖွံ့ဖြိုးရေးအတွက် အိပ်သွန်ဖာမှောက်အလုပ်လုပ်ပေးနေတယ်။ သု ၀ဏ္ဏဘူမိသုတေသန စာတန်းကို အချိန်ယူပြိးပြုစုခဲ့တယ်။ သုဝဏ္ဏဘူမိ အကြောင်း ကမ္ဘာကိုကြော်ငြာနိုင်ခဲ့တဲ့စာတန်းဖြစ်တယ်။ သူ လဲမွန်လူမျိုးဖြစ်တယ်။ ကျနော်တို့မွန်လူမျိုးတွေ မပျောက်ကွယ်ဘို့အလုပ် က အရေးပါလာသလို လွယ်လွယ်တွေးလို့မရနိုင်တော့ဘူး။ အကုန်လုံး ဆင်ခြင်နိုင်ဘို့လိုလာပြီ။ လုပ်ဆောင်ဘို့နည်းလမ်းတွေ လိုအပ်လာပြီ။ ပျုလို မပျောက်ကွယ်ဘို့သတိပေးချင်တာ အဓိကရည်ရွယ်ချက်ဖြစ် တယ်။ဘာလုပ်သင့်သလဲ။ ဘာတွေ အဓိက ကျသလဲ ဒါတွေကို ဘဲစဉ်းစားမယ်။ ကျနော်ပြောချင်တာက မြန်မာစာ လွမ်းမိုးတာကို ပြောချင်တယ်။ အထင်ကရနေရာတွေကိုမွန်နာမည်ပြန်ပေး ချင်တယ်။ ပြန်ပြောင်းလို့ရနိုင်သလား။ `ကျိုက်က္ကသိယို ` ခေါ်တဲ့အဓိပ္ပါလ်ရှိတဲ့ ကျိုက်ထီးရိုးဘုရားကို ...ကျာ်စော့ယေ(အသံထွက်) ပြန်ခေါ်ချင်တယ်၊ အမည်ပြန်ပေးချင်တယ် ရနိုင်မလား။ ဖြစ်နိုင်မလား ။ နာမည်တွေကအစ ပြောင်းနေတယ်.။ အဲဒီနာမည်တွေနဲ့ရင်းနှီးလာတယ်။ ဒါကို အသေးဖွဲကိစ္စ လို့သတ်မှတ်လို့မရနိုင်တော့တာကို သေချာစွာစဉ်း စားစေချင်လို့ရေးတဲ့စာဖြစ်တယ်။ သတိ ဆို တာက ပိုတယ်မရှိဘူး။ ဆင်ခြင်တွေးတောပြီး မွန်တစ်မျိုးသားလုံးအသိနဲ့ပါဝင်လှုပ်ရှားကြိုးစား တောင်မှ နောင်အနှစ်လေးဆယ်လောက်ကြာရင် အဖြေတစ်ခု ရလာမဲ့ကြီး ကျယ်တဲ့ကိစ္စ ဖြစ်တယ်။ မျိုးဆက် တစ်ဆက်လောက်ဆက်တိုက်ကြိုးစား ရမယ်လို့သတိပေးပြောကြားရင်း မွန်လူမျိုးအပေါင်းကမ္ဘာက ပျောက်မှာ လားဆိုတဲ့ ကိစ္စ ကို စဉ်းစားကြပါလို့ နိုးဆော်ပါတယ်။ မင်းတို့လူမျိုးပျောက်မယ်လို့ ပြောရင် ဆတ်ဆတ်ခါနာတယ်။ အခု ကိစ္စ ကိုလည်း ကျနော်တို့အားလုံးပူးပေါင်းပါဝင်မှ ဖြစ်မယ်ဆို တာ သတိပေးလိုရင်းဖြစ်တယ်။ ဆင်ခြင်နိုင်ကြပါစေ။ ( ၁၈. ၁၀. ၂၀၁၃)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host