Thursday, September 5, 2013

ခိုးကူးအခွေများသည် ရုပ်ရှင်၊ ဂီတလှုပ်ရှားမှုတွေကို နည်းအမျိုမျိုးဖြင့် ခေါင်းပုံဖြတ်ခြင်းဖြစ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၃ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

တရားမ၀င်ဆင်ဆာမဲ့အခွေများသည် ပြည်တွင်းကရုပ်ရှင်၊ ဂီတအနုပညာဆိုင်ရာလှုပ်ရှားမှု မူရင်းအခွေများကို နည်းအမျိုးမျိုးဖြင့် တရားမ၀င်ခေါင်းပုံဖြတ်နေခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက စက်တင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်အဆောက် အအုံတွင် ကျင်းပခဲ့သည့် တရားမ၀င်ဆင်ဆာမဲ့အခွေများ ဖျက်ဆီးသည့်အခမ်းအနားတွင် ပြောကြားလိုက်သည်။

ယင်းဖျက်ဆီးသည့်အခမ်းအနားသည် ယခုနှစ်အတွက် ဒုတိယအကြိမ်မြောက်ကျင်းပသည့်ပွဲဖြစ်ပြီး ရန်ကုန်တိုင်း
ဒေသကြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းများမှ ဖမ်းဆီးပေးပို့သည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေနှင့် ညီညွတ်မှုမရှိသော တရားမ၀င်ဆင်ဆာမဲ့ နိုင်ငံခြားဇာတ်လမ်း၊ နိုင်ငံခြားညစ်ညမ်း၊ ခိုးအခွေ/ပွားအခွေ မြန်မာဇာတ်လမ်း၊ ကာရာအိုကေ၊ တရားခွေ၊ မှတ်တမ်း၊ လက်ဝှေ့ စသည့် VCD, DVD အခွေများဖြစ်ကြ သည်။

ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်၊ ဂီတစသော အစည်းအရုံးများမှ တာဝန်ရှိသူများနှင့်အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက “တန်ဖိုးမဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်စေတဲ့ အကြောင်း
တွေ ထဲမှာ အဓိကကျတဲ့အကြောင်းကတော့ တရားမ၀င်ဆင်ဆာမဲ့ ခိုးကူးဗီစီဒီ၊ ဒီဗီဒီအခွေတွေ၊ ညစ်ညမ်း အခွေတွေ
ကြောင့် တွေ့ရမှာဖြစ်ပါတယ်။ ဆင်ဆာမဲ့ခိုးကူးထားတဲ့ အခွေအမျိုးအစားထဲမှာ နည်းအမျိုးမျိုးနဲ့ ဒုစရိုက်မှု ကျူးလွန်တာ
တွေ၊ ပစ်ခတ်မှုတွေ၊ထိုးခုတ်ရိုက်ပုတ်မှုတွေ၊ လုယက်မှု၊ လူသတ်မှု၊ ရုန့်ရင်းကြမ်းတမ်းမှု၊ ရက်စက်မှု ပါတဲ့ပြကွက်နဲ့
ရောသမပြီး ရိုက်ပြထားတာတွေတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကို အတုယူပြီး လက်တွေ့စမ်းသပ်ကျူးလွန်ကြမှုတွေ
ဟာ ပိုများလာတာကို တွေ့နေရတာဖြစ်ပါတယ်။ ရာဇ၀တ်မှုတွေ တိုးပွားလာမယ်၊ တရားဥပဒေစိုးမိုးရေးကို ထိပါးနေတာ
ဖြစ်ပြီး ရပ်ရွာအေးချမ်းသာယာရေးအတွက် နှောင့်ယှက်နေမှုလို့ မြင်ကြရမှာဖြစ်ပါတယ်”ဟု အဖွင့်မိန့်ခွန်းတွင်
ပြောကြားခဲ့သည်။

ထို့အပြင် ၀န်ကြီးချုပ်က အခုလိုတရားမ၀င်စီးပွားရေးလုပ်ကိုင်မှုတွေဟာ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးဝင်များရဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် ကိုယ့်ပြည်တွင်းက ရုပ်ရှင်၊ ဂီတအနုပညာဆိုင်ရာလှုပ်ရှားမှု မူရင်း အခွေတွေကို နည်းအမျိုးမျိုးနဲ့ လျှို့လျှို့ဝှက်ဝှက် တရားမ၀င်ခေါင်းပုံဖြတ်ခြင်းဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းက “ခိုးကူးဆိုတာက တိုးတက်လာတဲ့ ခေတ်တစ်ခုရဲ့ ဖြစ်ပေါ်လာတဲ့
ဘေးထွက်ဆိုးကျိုးတစ်ခုပါပဲ။ ဒီလိုခိုးကူးတွေကတစ်ဆင့် မကြားဖူးမကြားသာ မတရားပြုကျင့်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ဒီညစ်ညမ်းခိုးကူးတွေကို ဆက်လက်ပြီးတော့ ဖမ်းဆီးဦးမှာပါ” ဟု ပြောခဲ့သည်။

ထိုခိုးကူးအခွေဖျက်ဆီးခြင်းအခမ်းအနားတွင် အခွေချပ်ပေါင်း ၁၉၉,၅၁၀ အား လမ်းကြိတ်စက်သုံး၍ ကြိတ်ချေ ဖျက်ဆီးခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host