ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်တွေနဲ့
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-North) တပ်တွေကြား
ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်
ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ သက်ဆိုင်ရာကျေးရွာတွေကို
ပြန်ဖို့စိုးရိမ်နေဆဲ ဖြစ်တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက RFA ကို
ဒီနေ့မှာပြောပါတယ်။
ပြီးခဲ့တဲ့မတ်လကုန်လောက်ကစပြီး အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေအကြား နှစ်ဖက်တပ်တွေ နေရာချထားရေးနဲ့ ပတ်သက်ပြီး အပြန်အလှန် တိုက်ပွဲငယ်တွေဖြစ်နေရာမှာ ဒေသခံကျေးရွာသားတွေ ထွက်ပြေးကြပြီး တန့်ယန်းမြို့ပေါ်က ယာယီစခန်းတွေမှာ ခိုလှုံနေကြရတာပါ။
အဲဒီလိုပြေးလွှားကြရတဲ့ သူတွေထဲမှာ တန့်ယန်းမြို့နယ် လွယ်စေးကျေးရွာအုပ်စုက ဒေသခံ ၄၀၀ ကျော်ဟာ တန့်ယန်းမြို့နယ် အောင်မင်္ဂလာကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရတာပါ။ အဲဒီဒုက္ခသည်စခန်းက ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို စခန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဆိုင်ခမ်းလိတ်က RFA ကို အခုလိုရှင်းပြပါတယ်။
"သူတို့နေရပ်ကို ပြန်ချင်တယ်ဗျာ၊ နေရပ်ကိုပြန်မယ်ဆိုလို့ရှိရင်လည်း အဲမှာတိုက်ပွဲတွေဖြစ်မှာလည်း စိုးရိမ်တယ်၊ ကြောက်စိတ်လေးတွေရှိတော့ မပြန်ရဲဘူးခင်ဗျ၊ တကယ်လို့ ပြန်မယ်ဆိုရင် ယောက်ျားလေးတွေ အချုပ်အနှောင်ခံရမှာ စိုးရိမ်တယ်၊ အမျိုးသမီးလေးတွေကလည်း အကူအညီခေါ်ခိုင်းမှာ စိုးရိမ်တယ်ဆိုတဲ့ဟာကို ရင်ဖွင့်ပြပါတယ်ခင်ဗျ၊ "
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့ (Shan Human Rights Foundation) က ဧပြီလ ၅ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်တဲ့ အရေးပေါ်ကြေညာချက်မှာ တန့်ယန်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၆ ရွာက လူဦးရေ ၁၀၀၀ ပတ်ဝန်းကျင်ဟာ နေရပ်ကိုစွန့်ပြီး မြို့ပေါ်ကဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံနေကြရတယ်လို့ ပြောထားပါတယ်။
လက်ရှိမှာတော့ ယာယီဖွင့်လှစ်ထားတဲ့ တန့်ယန်းဒုက္ခသည်စခန်းတွေကို (World Food Program) ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ လူမှုရေးအဖွဲ့အစည်းတွေက စားနပ်ရိက္ခာ အကူအညီပေးနေတယ်လို့ သိရပါတယ်။
စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးဆိုင်ခမ်းလိတ်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။

0 comments:
Post a Comment