မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် နှင့် ပါတီ ဒု-ဥက္ကဋ္ဌ
နိုင်ရော့စ သည် ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသမှု ခံယူရန် ဖေဖော်ဝါရီလ ၂
ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း
မွန်ပြည်သစ်ပါတီက ပြောသည်။
အူလမ်းကြောင်း ဝေဒနာကြောင့်
လွန်ခဲ့သည့် ဇန်နဝါရီလ နှောင်းပိုင်းတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း
စံပြဆေးရုံတွင် တက်ရောက် ကုသရာမှ ဆရာဝန်၏ အကြံပေးချက်အရ ထိုင်းတွင်
သွားရောက်ကုသခြင်း ဖြစ်သည်ဟု မွန်ပြည်သစ် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ
နိုင်ဟံသာပိန်ခိုင်း က ပြောသည်။
“အစာစားလို့ မရဘူး။ အူလမ်းကြောင်း ကျောက်တည်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ အားလုံးကတော့ အူကင်ဆာရောဂါလို့ သံသယ ရှိနေတယ်” ဟု သူက ပြောသည်။
အသက် ၆၇ နှစ် ရှိပြီ ဖြစ်သည့် နိုင်ရော့စ တွင် အူလမ်းကြောင်း ရောဂါအပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သည်းခြေ ကျောက်တည်နှင့် အသည်းနှင့်ဆိုင်သည့် ရောဂါများလည်း ရှိကြောင်း ပါတီအသိုင်းအဝိုင်းက ပြောသည်။
ထိုင်း သို့မဟုတ် စင်ကာပူနိုင်ငံတွင် သွားရောက် ကုသရန် ဆရာဝန်က အကြံပေးခဲ့ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီ က စီစဉ်ခဲ့ကာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ကလည်း နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့် ဗီဇာ ရရှိရန်လည်း ကူညီပေးခဲ့သည်ဟု နိုင်ဟံသာပိန်ခိုင်း က ပြောသည်။
တပ်မတော် ဆေးရုံတွင် တက်ရောက်ကုသရန် ဦးအောင်မင်း က ဖိတ်ခေါ်ခဲ့သော်လည်း ဆရာဝန် ညွှန်ကြားချက်အရ ထိုင်းနိုင်ငံတွင် ကုသရန် စီစဉ်ရခြင်း ဖြစ်သည်ဟုလည်း သူက ပြောသည်။
စာပေနှင့် ဂီတကို မြတ်နိုးသည့် နိုင်ရော့စ သည် ရန်ကုန် စီးပွာရေး တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် အသက် ၂၅ နှစ်အရွယ် (၁၉၇၁ ခုနှစ်) တွင် မွန်ပြည်သစ်ပါတီသို့ ရောက်ရှိခဲ့သည်။
ဟာသဉာဏ် ရွှင်ပြီး ရဲဘော်ရဲဘက်များအား တန်းတူဆက်ဆံတတ်ခြင်း၊ စိတ်နေသဘောထား ပျော့ပျောင်းခြင်း၊ မှန်ကန်သည့်ခေါင်းဆောင်မှု ပေးနိုင်ခြင်း စသည်တို့ကြောင့် ပါတီဝင်များ၏ လေးစားချစ်ခင်မှုကို ခံရသည့် ခေါင်းဆောင်တဦး ဖြစ်သည်ဟုလည်း ပါတီဝင်များက ပြောသည်။
![]() |

0 comments:
Post a Comment