Saturday, March 16, 2013

မွန်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ရွှေ့ပြောင်းအလုပ်သမား အခြေအနေ သွားရောက်လေ့လာ

ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်း အလုပ်သမားများ၏ အခြေအနေကို သိရှိနိုင်ရန်အတွက် မွန်အလုပ်သမား အများစု အလုပ်လုပ်ရာ ဘန်ကောက်မြို့အနီးရှိ မဟာချိုင်သို့ သြဂုတ်လ ၂၆ ရက်နေ့တွင် မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် သွားရောက်လေ့လာခဲ့သည်။

မွန် ကိုယ်စားလှယ်နှစ်ဦး ဖြစ်သည့် နိုင်ချမ်းမြင့်နှင့် ဒေါက်တာအောင်နိုင်ဦး (Photo: Zahan)
ကိုယ်စားလှယ်နှစ်ဦး ဖြစ်သည့် နိုင်ချမ်းမြင့်နှင့် ဒေါက်တာအောင်နိုင်ဦးတို့က မိမိတို့၏ မဟာချိုင် ညခရီးစဉ် မထွက်ခွာမီ ကောင်းဝါ သတင်းထောက်နှင့် တွေ့ဆုံစဉ် ၎င်းတို့၏ ခရီးစဉ် ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။

“သူတို့ ဘယ်လိုမျိုး အခြေအနေတွေနဲ့ အလုပ်လုပ်နေတာလဲ၊ ပြီးတော့ သူတို့မှာ ရှိနေတဲ့ အခက်အခဲတွေ သိပြီးရင် ပါလီမာန်မှာ ဘာတွေ တင်ပြရမလဲ၊ ဒါတွေကို သူတို့နဲ့ တွေ့တဲ့အခါကျရင် မေးမယ်” ဟု နိုင်ချမ်းမြင့် က ပြောပြသည်။

မွန်ပြည်နယ် အစိုးရ ဖွဲ့စည်းပြီးနောက် ၂ နှစ်သက်တမ်း မပြည့်မီ ယခု ကိုယ်စားလှယ်နှစ်ဦး၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် သင်တန်းတခုဖြင့် ရက်သတ္တ တပတ်ကျော် တက်ရောက်ပြီးနောက် မဟာချိုင် အခြေစိုက် မွန်စာပေနှင့် ယဉ်ကျေးမူအသင်း၏ ဖိတ်ကြားမှုဖြင့် သွားရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။

မဟာချိုင်ဒေသတွင် မွန်ရွှေ့ပြောင်း အလုပ်သမား တသိန်းခန့် ရှိကြောင်း အလုပ်အရေး ကူညီ ဆောင်ရွက်ပေးနေသူများ၏ အဆိုအရ သိရသည်။

ရက်သတ္တ တပတ်ကျော် သင်တန်းအတွင်း ထိုင်းနိုင်ငံ၏ ပြည်နယ်အစိုးရ အုပ်ချုပ်မှုစနစ်နှင့် အာဏာခွဲဝေမှုစနစ်ကို ဝေဝေဆာဆာ လေ့လာခွင့် ရခဲ့သည့်ပြင် နိုင်ငံတကာ အစိုးရ၏ ဖွဲ့စည်းပုံ နည်းစနစ်များကိုလည်း လေ့လာခွင့် ရခဲ့သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ကျနော်တို့ ဒီသင်တန်းက လေ့လာထားတဲ့ ဟာတွေထဲက တချို့ဆိုရင် ကိုယ့်နိုင်ငံအတွက် အများကြီး အသုံးဝင်တယ်၊ ဒါပေမဲ့ ကိုယ်က အာဏာအပြည့် ရထားသူတွေ မဟုတ်တော့ ဒီက ရသွားတဲ့ဟာတွေ ပါလီမာန်မှာ တိုက်ရိုက် အသုံးချလို့တော့ မရဘူး၊ အစိုးရရဲ့ လုပ်ရပ်တွေ မှားတာ တွေ့ရင် ကိုယ်က ထောက်ပြလို့တော့ ရတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host