Wednesday, December 12, 2012

မွန်ပြည်သစ်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ပဏာမ တွေ့ဆုံ

အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ယနေ့ ထိုင်း-မြန်မာနယ်စပ်၌ ပထမအကြိမ် ပဏာမ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံ ကန်ချပူရီခရိုင် စံခလပူရီမြို့ရှိ Pornpailin Reverside Resort ၌ တွေ့ဆုံမှုတွင် မွန်ပြည်သစ်ဘက်မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ခေါင်းဆောင်အဖွဲ့နှင့် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်အဖွဲ့တို့ နံနက် ၁၀း၃၀ မိနစ်မှ နှစ်နာရီကြာ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် နိုင်ဟံသာ ဦးဆောင်သည့် မွန်ပြည်သစ်ပါတီတို့ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့တွင် အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ရန် ဆွေးနွေးကြစဉ်။ (photo: အာကာ)
ဆွေးနွေးပွဲအပြီးတွင် ဦးအောင်မင်းက “ကျနော်တို့က တိုင်းရင်းသားတွေကို ယုံကြည်သလို တိုင်းရင်းသားတွေကလည်း ကျနော်တို့အပေါ် ယုံကြည်တဲ့အတွက် ဆွေးနွေးပွဲကို ရာနှုန်းပြည့် အားရကျေနပ်မိတယ်” ဟု ပြောသည်။

တွေ့ဆုံမှုတွင် အစိုးရ ကိုယ်စားလှယ်ဘက်မှ ထာဝရ ငြိမ်းချမ်းရေး အဆင့် ၃ ဆင့် ဖြစ်သည့် ပထမအဆင့် အပစ်အခတ် ရပ်စဲရေးပြီး ရင်းနှီးမှု တည်ဆောက်ရေး၊ ဒုတိယအဆင့် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် တတိယအဆင့် နိုင်ငံရေး ဆွေးနွေးမှုမှ သဘောတူညီချက်ကို လွှတ်တော်အတွင်း တင်ပြပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးတို့ကို တင်ပြခဲ့သည်။

အပစ်အခတ် ရပ်စဲရေးအဆင့်တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်၊ သတ်မှတ် နယ်မြေ ပြင်ပသို့ လက်နက်ကိုင်ဆောင် သွားလိုပါက ကြိုတင်သဘောတူညီမှု ရယူရန်တို့ ပါဝင်သည်။

မွန်ပြည်သစ်ဘက်က တပြည်လုံးအတိုင်းအတာဆောင်သည့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန်၊ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုကို ရပ်တန့်ပေးရန်၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး မွန်စာပေ သင်ကြားခွင့်၊ မွန်ပြည်နယ်တွင် မွန်စာပေကို ရုံးသုံးစာပေတခုအနေဖြင့် ပြဌာန်းပေးရန်လည်း တင်ပြခဲ့သည်။

မွန်ပြည်သစ်ဘက်ကမူ ယခုဆွေးနွေးမှုသည် ယုံကြည်မှု တည်ဆောက်သည့် အဆင့်သာ ဖြစ်သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ဟံသာက “တင်းပြည့် ကျပ်ပြည့် အားရတယ်လို့ ပြောလို့ မရသေးဘူး၊ ဒါပေမဲ့ နားလည်မှု အတိုင်းအတာတခုအထိ ရှိလာတယ်လို့တော့ ပြောလို့ရတယ်” ဟု ပြောသည်။

တပြည်လုံး အတိုင်းအတာဆောင်သည့် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ လက်ခံနိုင်သည့်အဆင့်ထိ အစိုးရ ကိုယ်စားလှယ်ဘက်မှ ပြန်လည် ဆွေးနွေးခြင်း မရှိသည့်အတွက် ထိုသို့ မှတ်ချက်ချခြင်း ဖြစ်သည်။

ဇန်နဝါရီလတွင် ထပ်မံဆွေးနွေးနိုင်ရန် အစိုးရ ကိုယ်စားလှယ်များက ကမ်းလှမ်းထားပြီး မွန်ပြည်သစ်ကမူ ဌာနချုပ်တွင် ကျင်းပလျက် ရှိသည့် ညီလာခံသို့ တင်ပြပြီးမှသာ အကြောင်းပြန်မည် ဖြစ်ကြောင်း ပြောသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ ဗဟိုဌာနချုပ် ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသတွင် မွန်ပြည်သစ်၏ အဋ္ဌမအကြိမ် ပါတီညီလာခံကို ကျင်းပလျက် ရှိပြီး သီတင်းပတ် သုံးပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။

မွန်ပြည်သစ်က ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် အောက်တိုဘာလ ခြောက်ရက်နေ့တွင် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ်တပ်ဝင်းတွင် တကြိမ်၊ နိုဝင်ဘာလ ၁၃ နှင့် ၁၄ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပလိုင်ကျေးရွာ ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ ဦးဆောင်သည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် ဗဟိုဌာနချုပ်တွင် တကြိမ် တွေ့ဆုံခဲ့သည်။
အစိုးရ ကိုယ်စားလှယ်အဖွဲ့
၁။ ဦးအောင်မင်း (ရထားပို့ဆောင်ရေး ဝန်ကြီး)
၂။ ဗိုလ်ချုပ်ချစ်သန်း (အငြိမ်းစား တြိဂံတိုင်းမှူး)
၃။ ဒေါက်တာနေဝင်းမောင် (ငြိမ်းချမ်းရေး အကျိုးဆောင်)
၎။ ဦးတင်မောင်သန်း (ငြိမ်းချမ်းရေး အကျိုးဆောင်၊ မြန်မာအီးဂရက်စ်)
၅။ ဦးလှမောင်ရွှေ (ငြိမ်းချမ်းရေး အကျိုးဆောင်၊ မြန်မာအီးဂရက်စ်)
၆။ ကိုမောင် (စီးပွားရေး လုပ်ငန်းရှင်၊ မြန်မာအီးဂရက်စ်)
၇။ ဦးမောင်မောင် (စီးပွားရေး လုပ်ငန်းရှင်)
၈။ ဦးငွေစိုး (စီးပွားရေး လုပ်ငန်းရှင်)
မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့
၁။ နိုင်ဟံသာ (အထွေထွေ အတွင်းရေးမှူး)
၂။ နိုင်ရွှေသိန်း (ဗဟိုအလုပ်အမှုဆောင်)
၃။ နိုင်တလညီ (ဗဟိုအလုပ်အမှုဆောင်)
၎။ ဒု-ဗိုလ်မှူးချုပ် လယီဂကောင်း (ဒု-စစ်ဦးစီးချုပ်၊ ဗဟိုကော်မတီဝင်)
၅။ နိုင်ဗညားလယ် (ထားဝယ်ခရိုင် အတွင်းရေးမှူး၊ ဗဟိုကော်မတီဝင်)
၆။ ဘဒ္ဒန္တ ကေတုမာလာ (ငြိမ်းချမ်းရေး အကျိုးဆောင်)
၇။ ဘဒ္ဒန္တ သီလဝန္တ (ငြိမ်းချမ်းရေး အကျိုးဆောင်)
၈။ နိုင်တင်အောင် (ငြိမ်းချမ်းရေး အကျိုးဆောင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ဒု-ဥက္ကဌ)
၉။ နိုင်စိုးမြင့် (ငြိမ်းချမ်းရေး အကျိုးဆောင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ဗဟိုကော်မတီဝင်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host