Tuesday, December 18, 2012

ထိုင်းနိုင်ငံ လူကုန်ကူးခံရသူ ၈ ဦး ပြန်လည် လွတ်မြောက်

2012-12-18
လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ နခွန်ပသွန်ခရိုင်၊ နခွန်ပသွန်မြို့ ပန်းခြံမှာ အလုပ်စေခိုင်းခြင်း ခံနေရတဲ့ မြဝတီမြို့နယ် ကျောက်လုံးကြီးရပ်ကွက်က မြန်မာပြည်သား(၈)ဦးကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများ အသင်း (MAT) အဖွဲ့က မနေ့ညက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအထူးထောက်လှမ်းရေးအဖွဲ့ (DSI)၊ မြန်မာသံရုံး၊ နခွန်ပသွန်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိများနဲ့ MAT ပူးပေါင်းအဖွဲ့တို့က မနေ့ည(၂)နာရီက ဝင်ရောက်ဖမ်းဆီးရာမှာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့ စွပ်စွဲခံရတဲ့  အသက်(၃၉)နှစ်အရွယ် မသူဇာနဲ့ သူမရဲ့လက်ထောက် အမျိုးသားတဦးကို ဖမ်းဆီးရမိတာပါလို့ MAT အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်းက ပြောပါတယ်။
"နခွန်ပသွန် နယ်မြေက သစ်ခွပန်းခြံထဲမှာ မြန်မာအလုပ်သမားတွေကို ရောင်းစားတဲ့ ပွဲစားဂိုဏ်းခေါင်းဆောင် အမျိုးသမီးနဲ့ သူရဲ့လက်ထောက်ပွဲစား အမျိုးသားတယောက်ကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေကနေပြီးတော့ မနေ့ညက လက်ရဖမ်းဆီးနိုင်ခဲ့တယ်ပေါ့ သူတို့နဲ့အတူ ရောင်းစားခံရတဲ့ အလုပ်သမား(၈)ယောက်ကိုလည်းပဲ ကျနော်တို့ ကယ်တင်နိုင်ခဲ့တယ်၊   အဲဒီအမျိုးသမီးရောင်းစားထားတဲ့ လူတွေက အများဆုံးတနှစ်ကျော်ကျော်၊ အနည်းဆုံး (၂)လကျော်ကျော် ကြာတဲ့သူတွေဖြစ်တယ်"
အရောင်းစားခံရသူတွေဟာ မြဝတီကနေ ကိုလင်းဆိုသူပွဲစားကနေ အကြွေးနဲ့ပေးပို့လို့ (၅)လပိုင်းကတည်းက ထိုင်းနိုင်ငံ အတွင်းက လူပွဲစားမသူဇာဆီ ရောက်ရှိလာတာဖြစ်ပါတယ်၊ ဒီလူတွေဟာ ယခင်က ကန်ချန ဘူရီခရိုင်၊ ဝိုင်တနာနတ်သီးဖျော်ရည်ထုတ် စက်ရုံမှာ အလုပ်စေခိုင်း ခံထားရပြီး အဲဒီကမှတင်ရှိနေတဲ့ အကြွေးကျေဖို့ တလအကုန်(၁၀)လပိုင်းမှာ ဒီပန်းခြံကိုထပ်မံ ရောင်းချစေခိုင်း တာပါလို့ လွတ်မြောက် လာသူတဦးဖြစ်တဲ့ အသက်(၁၉)နှစ်အရွယ် ကိုသူရိန်(ခေါ်) ကိုမိုးဇက်ကပြောပါတယ်၊ သူတို့တွေ အလုပ်လုပ်စဉ်ကာလ အနှိပ်စက် ခံရပုံကိုလည်းသူက အခုလို ရှင်းပြပါတယ်။
"ကျနော်တို့ကို မြန်မာပြည်မှာ ကျနော်တို့ ခေါ်တက်တာပေါ့ (၉၅၀၀)ဆိုပြီးတော့ ဒီရောက်တော့သူ (၁၃၀၀၀)ယူတယ်၊ ဒီအလုပ်လုပ်တာပေါ့နော် လုပ်ပေးတယ် မလုပ်နိုင်ဘူးဖျားတယ်နာတဲ့အခါကြတော့ သူတို့ကဆဲလည်းဆဲတာပေါ့နော် ပြောတယ်၊ သူတို့စကားနားမထောင်လို့ရှိရင်ပေါ့ ထိုးတယ် ၇ိုက်ရင်လည်း ရိုက်တယ်ပေါ့ အဲဒီမသူဇာရဲ့ ယောင်္ကျားက၊ ထစ်ကနဲဆိုလို့ရှိရင် သူများကို သံဒုတ်နဲ့ရိုက်တာတို့၊ ကျနော့်သူငယ်ချင်းနဲ့ စကားများတော့ စကားများရကောင်းလားလို့ ကျနော့်ကိုလည်းရိုက်တယ် ကျနော့်ပါးစပ်ထဲကသွေးထွက်တယ်၊ ကျနော့်မိန်းမကြတော့ အဲဒီနေ့က နေမကောင်းလို့ အလုပ်မဆင်းထားဘူး မသူဇာက မျက်နှာကိုနင်းပြီးတော့ ခြေထောက်နဲ့ ဆောင့်ကန်ထည့်တယ် အဲဒါနှာခေါင်းထဲက သွေးထွက်တယ် နှစ်ခါ"
ပန်းခြံသန့်ရှင်းရေးအဖြစ် ထပ်မံရောင်းစားခံရပြီးတဲ့အခါမှာလည်း ပန်းအိုးကျကွဲလို့ အလုပ်ရှင် ထိုင်းသူဌေးက လိုက်ရိုက်ရာမှာ ထွက်ပြေးရင်း ဘန်ကောက်မြို့နေ မိခင်ဖြစ်သူဆီရောက်ခဲ့ပေမယ့်၊ မိန်းမဖြစ်သူမအေးအေးမာ ကျန်နေလို့ မိခင်ဖြစ်သူ ဒေါ်မိမိခိုင်ဆီက ဗီဒီယိုကင်မရာကို ယူသွားပြီးပြန်ရွေးဖို့ သွားတာမှာ သူ့ကိုတော့ လှေကိုရောင်း စားပြီး၊ မိန်းမဖြစ်သူကို ပြည့်တန်ဆာရုံကို ပို့မယ်လို့ ပြောဆိုကြောင်းလဲ သူက ပြောပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host