2012-12-21
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအရေး သံဃာတော်တွေ ဆန္ဒပြကြရာမှာ ပါဝင်အားဖြည့်ခဲ့ကြတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ဒီကနေ့ နေ့လည်က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ Home မီဒီယာခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
လက်ပန်းတောင်းတောင်အရေးဆန္ဒပြရာမှာ
ဖမ်းဆီးခံရတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ဒီဇင်ဘာလ ၂၁
ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့စဉ်
"လက်ပန်းတောင်းတောင်အရေး သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွဲမှုနဲ့အတူ လမ်းပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့ကိစ္စအထိ ကျနော်တို့ ဒီခရီးကို ချီတက်လာခဲ့ရခြင်းဖြစ်တယ်၊ ဒီချီတက်လာဖို့အရေးကို ကျနော်တို့ အစဉ်တစိုက်ပါဝင်တာ ရှင်းပြချင်တဲ့အတွက်ကြောင့် ဒီအရေးမှာ အစကနေအဆုံးထိ တတ်အားသရွေ့ ကူညီခဲ့တယ်ဆိုတာကို တင်ပြချင်တဲ့အတွက် ဒီသတင်းစာရှင်းလင်းပွဲကိုလုပ်တာပါ"
ဒီသတင်းစာရှင်းလင်းပွဲမှာ ဗကသများအဖွဲ့ချုပ်ကနေ အချက်(၃)ချက်ပါ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ကြေးနီစီမံကိန်းကို အစိုးရအနေနဲ့ ပြည်သူလူထုဆန္ဒနဲ့အညီ ဆောင်ရွက်ပေးဖို့၊ အကြမ်းဖက်ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး သာမာန်ဖြေရှင်းမှုမျိုးနဲ့ မလုံလောက်ဘဲ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့၊ မတရားဖမ်းဆီးမှု၊ ဖမ်းဝရမ်းထုတ်မှုတွေကို ရပ်တန့်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ထားတာတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗကသကျောင်းသားများအဖွဲ့ချုပ်က ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုမိုးထက် တို့က ဗကသအဖွဲ့ချုပ်ရဲ့ လက်ရှိလှုပ်ရှားဆောင်ရွက်နေတာတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုကို RFA အဖွဲ့သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
0 comments:
Post a Comment