Sunday, December 30, 2012

အစိုးရစစ်တပ်နဲ့ကေအိုင်အိုနှစ်ဖက် တိုက်ပွဲ ပြင်းထန်

2012-12-29
ကေအိုင်အို ရဲ့ အဓိကစခန်းဖြစ်တဲ့ လဂျားယန်စခန်းကို အစိုးရတပ်က မနေ့က ဂျက်တိုက် လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့မနက်ပိုင်းက စပြီး ခြေလျင်တပ် အင်အားအများအပြားနဲ့ ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
(Photo: Kachin News Group
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)
ဒီနေ့မနက် ၇ နာရီလောက်ကနေ စတင်ပြီးတော့  ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်ဝေးတဲ့ လန်ဂျားယန်စခန်းကို ဒေါ့ဖုန်းယန် အခြေစိုက် အစိုးရ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို မြေပြင်တပ်တွေကလဲ အများအပြား ထိုးစစ်ဆင်လာတဲ့ အတွက်  တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ အဲဒီ စစ်မြေပြင်မှာ ရောက်နေတဲ့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုလဆိုင်းက ပြောပါတယ်။
ဒီမနက် ၇ နာရီခွဲ ၈ နာရီလောက်ကနေစတင်ပြီးတော့ သူတို့ခြေလျင်တပ်တွေထိုးတယ် လက်နက်ကြီးတွေနဲ့ပစ်တယ် ထိုးတယ် သူတို့ထိုးလို့မရတဲ့အခါကျတော့ ၁၂နာရီမိနစ် ၂၀ ၀န်းကျင်မှာ သူတို့တိုက်လေယာဉ်ပြန်လာတယ် ပစ်ကူပေးတယ် အခုတော့ သူတို့လေယာဉ်ပြန်ဆုတ်သွားပြီ လက်နက်ကြီးလှမ်းထုပြီးမှ သူတို့ပြန်ပြီးမှ ထိုးဖို့လိုက်နေကြတယ် အခုတက်လာတဲ့တပ်ကတော့ စကခ ၃ လက်အောက်ခံ ၃၈၁ တစ်ခုတော့ သိလိုက်ရတယ် နောက်ထပ်တော့ မသိရသေးဘူး တခြားတပ်တွေလဲ ပါပါအုံးမယ် ခလရ ၄၀၊ ၃၈၁ ၊ ၃၈၉ တို့ဖြစ်ဖို့များတယ်။”
တိုက်ပွဲကြောင့် နှစ်ဖက် ကျဆုံးတဲ့အခြေအနေကိုတော့ အခုအချိန်အထိ မသိရသေးတဲ့ အပြင် အစိုးရတပ်က ဗန်းမော်၊၀ိုင်းမော်နဲ့ရှတန်ပါ ဆိုတဲ့ နေရာတွေကနေ စစ်ကြောင်း ၃ကြောင်းနဲ့ အင်အားထောင်နဲ့ချီပြီးတော့ ကေအိုင်အို စခန်းတွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ကိုလဆိုင်းက ဆက်ပြောပြပါတယ်။
“နမ့်ဆန်ယန်ဘက်ရယ်၊ ဒေါ့ဖုန်းယန်ဘက်မှာရယ် အခု လက်ဂျားယန်ရယ် ဗဟိုနယ်မြေပေါ့ ၃နေရာကို တခါတည်းသူက ထိုးစစ်ဆင်တဲ့အနေအထားရှိတယ်။ အသံတွေကြားနေရတာပေါ့ လက်ဂျားယန်ဘက်ထိုးလာတာကတော့ ကျနော်တို့ခန့်မှန်းအရဆိုရင် အင်အား ၄၀၀ ကျော် ၅၀၀ ၀န်းကျင်ရှိမယ်ထင်တာပဲ၊ သူတို့ကလဲ မရရအောင်ထိုးစစ်ဆင်နေမဲ့အနေအထားဖြစ်နေတဲ့ပုံပါပဲ”
လန်ဂျားယန်စခန်းကို အခုဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းက အစိုးရတပ်က အင်အား ၃၀၀ လောက်နဲ့ တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။
အဲဒီကာလက အကျအဆုံးများများနဲ့ဆုတ်ခွါသွားခဲ့ပြီး အခုတစ်ကြိမ်တော့ တပ်အင်အားတွေ ပိုများလာသလို လေကြောင်းပစ်ကူ တွေပါအသုံးပြုပြီးတော့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
လဂျားယန်တပ်စခန်းကျသွားရင်တော့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာ ရဲ့ လုံခြုံရေးအခြေအနေက စိတ်မချရတော့ဘူးလို့သိရပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကျဖို့ဆိုတာ အတော်နဲ့မလွယ်သလို အစိုးရတပ်က အရင်းအနှီးများများပေးရမယ်လို့ နယ်စပ်စစ်ရေးလေ့လာသူတွေက ဆိုကြပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host